ဇန်နဝါရီ ၇၊ ၂၀၂၀
M-Media
-အီရန်က ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို တိုက်ခိုက်မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ စောစောပိုင်း ပြောကြားမှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က အီရန်ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။
အီရန်က တုန့်ပြန်လာရင် ယဉ်ကျေးမှုအမွေအနှစ် နေရာတွေအပါအ၀င် ပစ်မှတ် ၅၂ ခုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ၂ ကြိမ်တိုင်တိုင် ပြောကြားခဲ့ပါတယ်။ ထရမ့်ရဲ့ ဒီပြောကြားမှုကို အမေရိကန်ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ရှုတ်ချခဲ့ကြပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စပါကလည်း အမေရိကန်စစ်တပ်ဟာ လက်နက်ကိုင် ပဋိပက္ခနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာသွားမှာဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ယဉ်ကျေးမှုဆိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း UNESCO က အမေရိကန်၊ အီရန်တို့အနေနဲ့ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့၊ ယဉ်ကျေးမှုဆိုင်ရာ နေရာတွေကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments