ဖေဖော်ဝါရီ ၈၊ ၂၀၂၀
M-Media
-ကလေးငယ်တွေအပေါ် လိင်အကြမ်းဖက်သူတွေ၊ သတ်ဖြတ်သူတွေကို လူမြင်ကွင်းမှာ ကြိုးပေးကွပ်မျက်ဖို့ ခွင့်ပြုတဲ့ ဥပဒေမူကြမ်းတစ်ခုကို ပါကစ္စတန်လွှတ်တော်က သောကြာနေ့မှာ အတည်ပြုလိုက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဝေဖန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ပါကစ္စတန်မှာ ကလေးငယ်တွေပေါ် ဆိုးဆိုးဝါးဝါး လိင်အကြမ်းဖက်မှုတစ်ချို့ ဖြစ်ပေါ်ခဲ့ပြီး အစိုးရက ထိထိရောက်ရောက် မကိုင်တွယ်နိုင်မှုအတွက် ပြည်သူတွေက နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
ဥပဒေကြမ်းကို လွှတ်တော်တင်သွင်းခဲ့တဲ့ ပါကစ္စတန် လွှတ်တော်ရေးရာဝန်ကြီး အလီ မိုဟာမက် ခန်းက ကလေးငယ်တွေကို သတ်ဖြတ်သူတွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို သေဒဏ်ပေးရုံသာမက၊ လူမြင်ကွင်းမှာ ကြိုးပေးကွပ်မျက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ်အများစုက လက်ခံခဲ့ပေမယ့် ပါကစ္စတန် လူ့အခွင့်အရေးဝန်ကြီး ရှီရင်း မာဇာရီက ဒီမူကြမ်းကို အစိုးရဖက်က တင်သွင်းတာမဟုတ်ဘဲ လူ့အခွင့်အရေးဝန်ကြီးဌာနအပါအဝင် အစိုးရအဖွဲ့ဝင် တော်တော်များများက လက်မခံဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
လာဟိုးရ်မြို့အနီး ကာဆူရ်မြို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ဂိုဏ်းတစ်ခုကို ပါကစ္စတန် အာဏာပိုင်တွေက ၂၀၁၅ ခုနှစ်မှာ ဖော်ထုတ်နှိမ်နှင်းခဲ့ပါတယ်။ ဒီဂိုဏ်းဟာ အနည်းဆုံး ကလေးငယ်ပေါင်း ၂၈၀ လောက်ကို လိင်အမြတ်ထုတ်ခဲ့ပြီး ဒီဗီဒီယိုတွေကို ဖွင့်ချမယ်လို့ ကလေးမိဘတွေကို ခြိမ်းခြောက် ငွေညှစ်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က သောကြာနေ့ မူကြမ်းအတည်ပြုမှုကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး သေဒဏ်ပေးတာထက် ကလေးငယ်တွေကို ပိုမိုကာကွယ်ပေးဖို့၊ မျှတတဲ့ တရားစီရင်မှုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
“အများပြည်သူရှေ့မှာ ကြိုးပေးကွပ်မျက်တာဟာ လက်မခံနိုင်စရာ ရက်စက်မှုဖြစ်ပြီး၊ အလေးထားမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်းမှာ ရှိလို့မရတဲ့ ကိစ္စတစ်ခုပါ” လို့ Amnesty International က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
Ref: AFP
Comments