ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
M-Media
-စစ်ရာဇဝတ်မှုအပါအဝင် စွဲချက်များစွာနဲ့ တရားစွဲခံထားရတဲ့ အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ထံ လွှဲပြောင်းပေးသွားမယ်လို့ ဆူဒန်အာဏာပိုင်တွေက ပြောကြားလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရင်ကြားစေ့ရေး တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့အခြေစိုက် ICC ဟာ ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာရ်ဒေသမှာ ၂၀၀၃ ခုနှစ်ကနေစ တင်တဲ့ ပဋိပက္ခအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဘရှီးရ်နဲ့ သူရဲ့ အနီးကပ်အကြံပေး ၃ ဦးကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် မိုဟာမက် ဟာဆန် အလ် တိုင်ရှေးက ICC ကနေ တရားစွဲဆိုထားသူတွေကို လွှဲပြောင်းပေးကာ တရားစီရင်ခိုင်းမယ်လို့ ပြောကြားခဲ့ပါတယ်။
ဆူဒန်အစိုးရနဲ့ သူပုန်အဖွဲ့တွေ နိုင်ငံတောင်ပိုင်း ဂျူဘာမြို့မှာ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့အချိန် ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။ တိုင်ရှေးက ဆွေးနွေးမှုတွေဟာ တရားမျှတရေးနဲ့ ရင်ကြားစေ့ရေး အဓိကထားပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးဖြစ်ထွန်းစေမယ့် လုပ်ငန်းစဉ် တော်တော်များများ ဖော်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါဖာရ်မှာဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း လူပေါင်း ၃ သိန်းလောက် အသတ်ခံခဲ့ရပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။
“ထိခိုက်ခံစားခဲ့ရသူတွေကို ဖေးမမပေးနိုင်ဘူးဆိုရင် တရားမျှတမှုကို မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဖျောက်ဖျက်လို့မရတဲ့ အမှန်တရား ဖြစ်နေလို့ပါပဲ။ ဒါဖာရ်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ဖြစ်ခဲ့ပါတယ်”
အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ဟာ ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် အုပ်စိုးခဲ့တာပါ။ ၂၀၁၈ နှောင်းပိုင်းကစလို့ ပြည်သူတွေက ဘရှီးရ်နှုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလမှာတော့ ဆူဒန်စစ်တပ်က အာဏာသိမ်းကာ ဖြုတ်ချခဲ့ပါတယ်။ ဘရှီးရ်ဟာ ပြည်တွင်းမှာလည်း ခြစားမှုအပါအဝင် စွဲချက်ပေါင်းများစွာကို ရင်ဆိုင်နေရပါတယ်။
Ref : Arab News
Comments