ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀
M-Media
- COVID-19 ဗိုင်းရပ်စ် တားဆီးတိုက်ဖျက်ရေး ရှေ့တန်းကဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ၆ ဦး ရောဂါကြောင့် သေဆုံးသွားပြီး ၁၇၁၆ ဦး ကူးစက်နေတယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။ မနေ့ကတစ်ရက်တည်း သေဆုံးသူဟာ ၁၂၁ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၃၈၀ ဦး ရှိလာပြီဖြစပါတယ်။ ၂၄ နာရီအတွင်း နိုင်ငံတစ်ဝှမ်း ကူးစက်မှုက ၅၀၉၀ ဦး ရှိခဲ့ကာ ကူးစက်သူအရေအတွက်ဟာ ၆၅၀၀၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။
- အစိုးရက တရုတ်နိုင်ငံသားတွေ ခရီးသွားလာမှုကို ဆက်လက်ပိတ်ပင်ထားတာကြောင့် တရုတ်ကျောင်းသားတွေဟာ အခုစာသင်နှစ်မှာ ကျောင်းတက်လို့ရမှာ မဟုတ်ဘူးလို့ ဩစတေးလျနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေက သတိပေးလိုက်ပါတယ်။ ဩစတေးလျက ကမ္ဘာ့အဆင့် တက္ကသိုလ် ၈ ခုမှာ ပညာသင်ယူနေတဲ့ တရုတ်ကျော်သားပေါင်း ၇ သောင်းနီးပါး ရှိနေတာပါ။ စာသင်နှစ်ဟာ မကြာခင်မှာ စတင်တော့မှာဖြစ်ပြီး တက္ကသိုလ် ၈ ခုကို ကိုယ်စားပြုထားတဲ့ Group of Eight အဖွဲ့က ကျောင်းသားတွေ ဩစတေးလျ လာဖို့အတွက် အာမခံချက် မပေးနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
- ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပြန့်နှံ့မှုကို တိုက်ဖျက်ရာမှာ တရုတ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ အမေရိကန်သမ္မတထရမ့်ရဲ့ စီးပွားရေးအကြံပေး လယ်ရီ ကဒ်လိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် သမ္မတထရမ့်က မနေ့က အင်တာဗျူးမှာ တရုတ်ဟာ ဒီကိစ္စမှာ ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်နေပြီး အမေရိကန်ကလည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
- COVID-19 ဗိုင်းရပ်ကူးစက်မှု ပိုမိုကျယ်ပြန့်လာနိုင်တဲ့အတွက် ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မလေးရှားအာဏာပိုင်တွေကို သတိပေးထားပါတယ်။ မလေးရှားမှာ လက်ရှိ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ အတည်ပြုနိုင်သူ ၁၉ ဦး ရှိနေပါတယ်။ WHO ကတော့ ဗိုင်းရပ်စ်ဟာ အစောပိုင်းကရရှိထားတဲ့ စာရင်းတွေထက် ကူးစက်မှု ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် မလေးရှားအပါအဝင် နိုင်ငံရပ်ခြားမှာ အရမ်းမြန်မြန်ဆန်ဆန် ပြန့်နှံ့မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။
- စင်ကာပူနိုင်ငံမှာတော့ ဒီကနေ့ ရောဂါကူးစက်နေသူ ၉ ဦး ထပ်တွေ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၆၇ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲက ၆ ဦးဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ရောဂါကူးစက်နေသူတွေထဲက ၂ ဦး ဒီကနေ့မှာ ဆေးရုံကနေ ဆင်းသွားနိုင်ခဲ့ပြီး ကူးစက်မှုစတင်ကတည်းက စုစုပေါင်း ၁၇ ဦး ဗိုင်းရပ်စ်ပျောက်ကင်းခဲ့တာ ဖြစ်ပါတယ်။
Ref: CNA, Aljazeera
Comments