ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀
M-Media
-နိုက်ဂျီးရီးယားနိင်ငံမှာ ‘လာဆာ’ ဆိုတဲ့ အဖျားတစ်မျိုး ပြန့်နှံ့ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၇၀ လောက် ရှိလာပြီလို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။
လာဆာအဖျားဆိုတာ ကြွက်ရဲ့ ကျင်ငယ်၊ ကျင်ကြီးတို့နဲ့ ရောနှောနေတဲ့ အစားအသောက်တွေ အိမ်သုံးပစ္စည်းတွေကနေတစ်ဆင့် လူတွေကို ကူးစက်တဲ့အဖျားတစ်မျိုးဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းက ပြည်နယ် ၃ ခုမှာ ဇန်နဝါရီ အလယ်ပိုင်းလောက်ကစပြီး ဖြစ်ပွားနေတာပါ။
အခုတစ်တစ်ပတ်အတွင်း ဒီရောဂါကြောင့် သေဆုံးသူဟာ ၈ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇၀ လောက် ရှိလာတာ ဖြစ်ပါတယ်။ ကူးစက်နေသူကတော့ ၄၇၂ ဦးရှိတယ်လို့ နိုင်ငံဂျီးရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ (NCDC) က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ဒါဟာ စတင်ဖြစ်ပွားတဲ့အချိန်ကထက်စာရင် သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ကူးစက်တယ်လို့ သံသယရှိသူအရေအတွက်ကတော့ ၁၇၀၈ ဦးအထိ ရှိလာပါတယ်။
ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ပါးစပ်မှာ ပြည်တည်နာဖြစ်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ အရေပြားမှာ အနီစက်တွေထွက်တာ၊ နှလုံးနဲ့ ကျောက်ကပ် ပျက်ဆီးတာတွေဖြစ်ပါတယ်။ ရောဂါပိုး ပေါက်ဖွားပြန့်နှံ့တဲ့ကာလက ၂၁ ရက်ဖြစ်ပြီး လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ စွန့်ပစ္စည်းပစ္စည်းတွေကနေတစ်ဆင့် ကူးစက်ပါတယ်။
၁၉၆၉ ခုနှစ် နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း လာဆာဆိုတဲ့မြို့မှာ ပထမဆုံးတွေ့ရှိခဲ့ရာကနေ အစွဲပြုပြီး လာဆာအဖျားလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ အီဘိုလာနဲ့ မာဘာ့ဂ်တို့လို ဗိုင်းရပ်စ်မျိုးနဲ့ ဆင်တူပေမယ့် လာဆာအဖျားက အသေအပျောက် ပိုမိုနည်းပါးပါတယ်။
အာဖရိကမှာ လာဆာအဖျားကူးစက်မှုဟာ နှစ်စဉ် ၁ သိန်းကနေ ၃ သိန်းလောက်ရှိနေပြီး သေဆုံးသူကတော့ ၅၀၀၀ လောက်ရှိပါတယ်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာ သိရှိမယ်ဆိုရင်တော့ ribavirin ဆေးမျိုးနဲ့ ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
Ref : Aljazeera
Comments