ဖေဖော်ဝါရီ ၁၇၊ ၂၀၂၀ (ည ၈ နာရီခွဲ)
M-Media
- တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် တနင်္ဂနွေနေ့က လူ ၁၀၅ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၁၇၇၀ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်သူဦးရေက ၇၀၅၄၈ ဦး ရှိလာပြီး မနေ့က တစ်ရက်တည်းမှာတင် ကူးစက်သူ ၂၀၄၈ ဦးတွေ့ခဲ့တာပါ။ ရောဂါစတင်ရာ ဟူဘေးပြည်နယ်မှာလည်း ကိုယ်ပိုင်ကားတွေ လမ်းပေါ်မောင်းနှင်မှုကို ပိတ်ပင်လိုက်ပါတယ်။ ဟူဘေးပြည်နယ်တစ်ခုလုံးကို ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတာဖြစ်ပြီး အခု ပိတ်ပင်မှုအသစ်က ရောဂါ မြန်မြန်ဆန်ဆန်ပြန့်နှံ့နေမှုကို တားမြစ်ဟန့်တားဖို့ ဖြစ်ပါတယ်။
- နိုင်ငံအတွင်း နှာခေါင်းစည်းလိုအပ်ချက် မြင့်တက်နေမှုကို ဖြည့်ဆည်းပေးဖို့အတွက် တရုတ်အစိုးရဟာ ၆ ရက်အတွင်း နှာခေါင်းစည်းစက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ မနေ့က စတင်ဆောက်လုပ်ပြီး လာမယ့် စနေနေ့မှာ ပြီးစီးဖို့ မျှော်မှန်းထားတဲ့ အဲဒီစက်ရုံဟာ တစ်ရက်ကို နှာခေါင်းစည်း ၂ သိန်းခွဲလောက် ထုတ်လုပ်နိုင်ဖို့ လျာထားပါတယ်။
- ဂျပန်နိုင်ငံ ရိုကိုဟားမားမြို့အပြင်ဘက် ရေပြင်မှာ သီးသန့် ဆိုက်ကပ်ထားပြီး လူ ၁၇၀၀ ကျော်လောက် လိုက်ပါလာတဲ့ Diamond Princess ကမ္ဘာလှည့် ဇိမ်ခံသင်္ဘောမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၄၅၄ ဦး ရှိလာပြီဖြစ်ပါတယ်။ ဒီသင်္ဘောဟာ တရုတ်နိုင်ငံအပြင်ဘက်မှာ ရောဂါကူးစက်မှုအများဆုံးနေရာ ဖြစ်လာပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အမေရိကန်နိုင်ငံသား ၃၀၀ ကျော်ကို အမေရိကန်က လေယာဉ်နဲ့ ကယ်ထုတ်သွားပြီး အဲဒီအထဲက ၁၄ ဦးမှာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း တွေ့ရတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဩစတေးလျကလည်း သင်္ဘောပေါ်က သူ့နိုင်ငံသား ၂၀၀ ကို ကယ်ထုတ်သွားပါတယ်။
- ဟောင်ကောင်မှာ ဒီနေ့မနက်ပိုင်းက ဓားကိုင် လူတစ်စုဟာ အိမ်သာသုံးစက္ကူပို့ဆောင်တဲ့ကားကို ကြားဖြတ်လုယူမှု ဖြစ်ပွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဟောင်ကောင်မှာ အခြေခံစားသောက်ကုန်တွေ၊ လက်ဆေး ပိုးသတ်ဆေးရည်လို တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ ပြတ်လတ်နေပါတယ်။ အိမ်သာသုံးစက္ကူ ပြတ်လတ်မှုကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အစိုးရကတော့ မပြတ်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
- ၀ူဟန်ကနေ ပြန်ခေါ်လာပြီး ဖရန့်ဖတ်လေယာဉ်ကွင်းမှာ သီးသန့်ခွဲထားတဲ့ လူ ၁၀၀ ကျော်ကို ၂ ပတ်စောင့်ကြည့်ပြီးတဲ့နောက် ရောဂါမတွေ့ရတဲ့အတွက် မိသားစုထံ ပြန်လွှတ်ပေးလိုက်တယ်လို့ ဂျာမနီအာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပါကစ္စတန်မှာတော့ ၀ူဟန်မှာပိတ်မိနေတဲ့ ကျောင်းသားတွေကို အိမ်ပြန်ခေါ်ရေး အစိုးရကို ဖိအားပေးတဲ့ ဆန္ဒပြပွဲကို ကျောင်းသားမိဘတွေက ဦးဆောင်ပြုလုပ်နေပါတယ်။
- တရုတ်နဲ့ ကပ်နေတဲ့ ထိုင်ဝမ်ကျွန်းမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် အသက် ၆၀ ကျော်အရွယ် တက္ကဆီယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး ဒါဟာ ထိုင်ဝမ်မှာ ပထမဆုံးသေဆုံးမှု ဖြစ်ပါတယ်။ အဲဒီအဖိုးအိုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့် ဖေဖော်ဝါရီ ၃ ရက်နေ့က ဆေးရုံ တင်လိုက်ရပြီး ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာ သေဆုံးခဲ့တာပါ။ မိသားစုက အဖိုးအိုဟာ နိုင်ငံရပ်ခြား သွားရောက်ခဲ့တာမရှိဘဲ တရုတ်ခရီးသွားတွေကို လိုက်ပို့ပေးတာသာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
- စင်ကာပူမှာတော့ COVID-19 ဗိုင်းရပ်စ် ကူးစက်နေသူ ၁၉ ဦးကို ဒီကနေ့မှာ ဆေးရုံဆင်းခွင့်ပေးလိုက်ပါတယ်။ ရောဂါဖြစ်ပွားသူ ၂ ဦးကို ထပ်တွေ့ခဲ့ရပြီး စုစုပေါင်း စင်ကာပူမှာ ဒီရောဂါကူးစက်သူ ၇၇ ဦး ရှိလာတာ ဖြစ်ပါတယ်။ အဲဒီထဲက ၂၄ ဦးကတော့ ရောဂါပျောက်ကင်းကာ ဆေးရုံကနေအ ဆင်းသွားနိုင်ပြီဖြစ်ပါတယ်။
Ref: CNA, Aljazeera
Comments