ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
M-Media
-စစ်တပ်က အရာရှိ၊ အရာခံ ရာထူးတွေမှာ အမျိုးသမီးတွေဟာလည်း အမျိုသားတွေနဲ့တန်းတူ တာဝန်ထမ်းဆောင်ခွင့်ရှိတယ်လို့ အိန္ဒိယတရားရုံးချုပ်က မနေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပြီး ဝန်ကြီးချုပ်မိုဒီအစိုးရရဲ့ လိင်ခွဲခြားမှု သဘောထားကို တရားဝင် ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။
အစိုးရအနေနဲ့ စစ်သမီးတွေကို အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထားခွင့်ပေးဖို့၊ အခွင့်အလမ်းတွေ၊ အကျိုးခံစားခွင့်တွေ၊ ပင်စင်လစာ၊ ရာထူးတိုးမှု စတာတွေမှာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့လည်း တရားရုံးချုပ်က အစိုးရကို အမိန့်ပေးခဲ့ပါတယ်။
လက်ရှိ အိန္ဒိယစစ်တပ်မှာ အမျိုးသမီးတွေကို ၁၄ နှစ်အထိသာ တာဝန်ထမ်းဆောင်နိုင်တဲ့ ရေတိုခန့်အပ်မှုမျိုးနဲ့ ခန့်ထားတာဖြစ်ပြီး စစ်တပ်ရဲ့ တရားရေးနဲ့ ပညာရေးနယ်ပယ်တွေမှာသာ အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် ခန့်ထားတာ ဖြစ်ပါတယ်။
အစိုးရ၏ ခွဲခြားမှု
ဝန်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ အိန္ဒိယအစိုးရဟာ အမျိုသမီးတွေကို ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ် စတဲ့ ရာထူးတွေခန့်ထားမှုကို ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပြီး စစ်သားတော်တော်များများ ကျေးလက်ဒေသတွေကနေ လာတဲ့အတွက် အမျိုးသမီးအရာရှိရဲ့ ကွပ်ကဲမှုကို နာခံဖို့ စိတ်ပိုင်းဆိုင်ရာအရ သင်ကြားခံရမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီးအရာရှိတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားမှုတွေ ရှိတဲ့အတွက် တန်းတူအခွင့်အရေးပေးလို့ မရဘူးလို့လည်း အိန္ဒိယအစိုးရက ဆိုပါတယ်။
တရားရုံးချုပ်ကတော့ အစိုးရရဲ့ ဒီအမြင်တွေဟာ စိတ်ပျက်စရာကောင်းပြီး၊ စစ်တပ်မှာ ကျား၊ မ တန်းတူညီမျှမှုရရှိရေး စိတ်ဓာတ်တွေကို ပြောင်းပေးဖို့လည်း အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ အမျိုးသမီးစစ်သည်တွေကို တိုက်ပွဲတွေမှာ တာဝန်ပေးရေးကိစ္စကိုတော့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ သက်ဆိုင်ရာ အထက်အရာရှိကသာ ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံးစစ်တပ်တွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယစစ်တပ်မှာ အမျိုးသမီးစစ်သည်တွေကို တိုက်ပွဲမှာ တာဝန်ပေးရေးကိစ္စကို နှစ်ပေါင်းအတော်ကြာကတည်းက ငြင်းခုံမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့အချိန် အမျိုးသမီးစစ်သည်တွေရဲ့ အင်အားနည်းမှု၊ ရှေ့တန်းက အခြေအနေတွေကို ရင်ဆိုင်နိုင်မှု စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတာပါ။
အိန္ဒိယလေတပ်နဲ့ ရေတပ်တို့ကတော့ အမျိုးသမီးတွေစစ်သည်တွေကို အမြဲတမ်းတပ်ဖွဲ့ဝင်တွေအဖြစ် လက်ခံပြီး၊ တိုက်ပွဲဝင်နိုင်မယ့် ရာထူးတွေမှာပါ ခန့်အပ်ထားပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေကို စစ်တပ်မှာ ဝင်ရောက်အမှုထမ်းခွင့်ပြုပေမယ့် အမေရိကန်၊ ဂျာမနီ၊ အစ္စရေးနဲ့ ဩစတေးလျတို့အပါအဝင် နိုင်ငံတစ်ချို့ကသာ အမျိုးသမီးတွေကို တိုက်ပွဲမှာ တာဝန်ပေးလေ့ရှိပါတယ်။
စစ်တပ်က ဆေးဖက်မဟုတ်တဲ့ နေရာတွေမှာ အိန္ဒိဟာ ၁၉၉၂ ခုနှစ်ကစပြီး အမျိုးသမီးတွေကို ခန့်အပ်တာဝန်ပေးခဲ့ပေမယ့် လက်ရှိ စစ်သည်အင်အား ၁ သန်းမှာ အမျိုးသမီးတပ်ဖွဲ့ဝင်အရေအတွက်က ၄ ရာခိုင်နှုန်းသာ ရှိပါတယ်။
Ref: Aljazeera
Comments