ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
M-Media
COVID-19 ကာကွယ်ဆေးကို ဧပြီလတွင် လူသား၌ စတင်စမ်းသပ်မည်
အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်အခြေစိုက် ဆေးကုမ္ပဏီ Moderna Therapeutics က သူတို့ ဖန်တီးထုတ်လုပ်ထားတဲ့ COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးကို အမေရိကန်အမျိုးသား ကျန်းမာရေးအင်စတီကျုကို (NIH) ကို ပေးပို့ထားပြီး ဧပြီလအတွင်း ပထမဆုံးအကြိမ် လူသားမှာ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ COVID-19 ဗိုင်းရပ်ရဲ့ ဗီဇကုဒ်ကို တရုတ်ပညာရှင်တွေက ဇန်နဝါရီလ အလယ်ပိုင်းမှာ ထုတ်ပြန်ပေးခဲ့ပြီးတဲ့နောက် ၄၂ ရက်အတွင်း SARS-CoV-2 လို့ ခေါ်တဲ့ ဒီကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့တာပါ။ လူသားမှာ စမ်းသပ်မှုကို နီဘရာစကာပြည်နယ်က ကူးစက်ရောဂါဆေးရုံမှာ ပြုလုပ်မှာဖြစ်ပြီး ဂျပန်မှာဆိုက်ကပ်ထားတဲ့ Diamond Princess ကမ္ဘာလှည့်ခရီးသွားသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခဲ့သူတစ်ဦးနဲ့ အခြား ကူးစက်ထားသူတစ်ချို့က စေတနာ့ဝန်ထမ်းအဖြစ် အစမ်းသပ်ခံမှာ ဖြစ်ပါတယ်။
နာတာရှည် ချောင်းဆိုးရောဂါ ပျောက်နိုင်မည့် ဆေးဝါးသစ်တစ်ခု တွေ့ရှိ
နာတာရှည် ချောင်းဆိုးရောဂါကို ပျောက်ကင်းစေနိုင်မယ့် ဆေးဝါးတစ်မျိုးကို အင်္ဂလန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်က ဖန်တီးထုတ်လုပ်နိုင်ခဲ့ပြီး စမ်းသပ်ကုသမှုအတွင်း လူနာတွေမှာ ရောဂါလက္ခဏာ သိသိသာသာ ကျဆင်းတာကို တွေ့ခဲ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်း အရွယ်ရောက်ပြီးသူတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကျန်းကျန်းမာမာနဲ့ ရောဂါသီးသန့်မရှိဘဲ နာတာရှည်ချောင်းဆိုးဝေဒနာကို ခံစားနေရတာပါ။ Gefapixant (MK-7264) လို့ အမည်ပေးထားတဲ့ အခုဆေးဝါးနဲ့ အမျိုးသား၊ အမျိုးသမီး ၂၅၃ ဦးကို ၁၂ ပတ်ကြာ စမ်းသပ်ခဲ့ရာမှာ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ နာတာရှည်ချောင်းဆိုတာကြောင့် အဆုတ်ရောဂါအပါအဝင် ကျန်းမာရေးပြဿနာများစွာကို ကြုံရတတ်ပြီး အဆုတ်ကင်ဆာအထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အဆင့်ကောင်းအောင် ဖိအားပေးခြင်းက ကလေးများတွင် စိတ်ရောဂါဖြစ်နိုင်
ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့ ဖိအားပေးခံရတာ၊ အွန်လိုင်းစွဲလမ်းတာတွေဟာ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတယ်လို့ ယူကေအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ခဲ့ရပါတယ်။ စာသင်ကျောင်းပေါင်း ၂၈၃ ခုမှာ လေ့လာတာခဲ့တာဖြစ်ပြီး ကျောင်းတွေအနေနဲ့ ကလေးတွေ စိတ်ကျန်းမာရေးအတွက် ငွေကြေး သီးသန့်ထား သုံးစွဲသင့်တယ်လို့လည်း ပညာရှင်တွေက အကြံပြုထားပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတာ၊ စိတ်ခွန်အားရအောင် လုပ်ဆောင်တာ၊ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် သွန်သင်ပေးတာတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်စိတ်ပိုင်းဆိုင်ရာအတွက် ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။
Ref: Times, BBC
Comments