မတ် ၂၊ ၂၀၂၀
M-Media
-ပြည်ဝင်ခွင့် ယာယီပိတ်ပင်မှုကြောင့် ဝင်ခွင့်မရတဲ့ အွမ္မရာဘုရားဖူးခရီးသွားတွေ ပေးထားတဲ့ ဗီဇာကြေးနဲ့ ဝန်ဆောင်ခတွေကို ပြန်ထုတ်ပေးသွားမယ်လို့ ဆော်ဒီအာရေဗျ ဟဂျ်နှင့် အွမ္မရာဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် အန္တရာယ်ကြောင့် ဆော်ဒီအာရေဗျဟာ အခုနှစ် အွမ္မရာ ဘုရားဖူးခရီးစဉ်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ယာယီပိတ်ပင်လိုက်တာပါ။
အွမ္မရာဘုရားဖူးခရီးစဉ်အတွက် ငွေကြေးပေးအပ်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာ အွမ္မရာအေးဂျင့်တွေဆီကနေ ဗီဇာကြေးနဲ့ ဝန်ဆောင်ခတွေကို ပြန်ထုတ်လို့ရပြီး အဲဒီအတွက် အီလက်ထရောနစ် ဝန်ဆောင်မှုလည်း ထားရှိပေးထားတယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စအတွက် ဝန်ကြီးဌာနကို မေးမြန်းလိုတယ်ဆိုရင် ဖုန်းနံပါတ် ၀၀၉၆၆-၉၂၀၀၀၂၈၁၄ ဒါမှမဟုတ် အီးမေးလ် [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
အွမ္မရာဘုရားဖူးခရီးသွားတွေအပြင်၊ ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့နေတဲ့ နိုင်ငံက ခရီးသွားတွေ၊ ပင်လယ်ကွေ့နိုင်ငံတွေက နိုင်ငံသားတွေကိုလည်း ဆော်ဒီက ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ၁၄ ရက်နေထိုင်ခဲ့ပြီး ရောဂါလက္ခဏာ မပြခဲ့သူတွေ၊ အလုပ်ဗီဇာ၊ စီးပွားရေးဗီဇာ၊ မိသားစု အလည်အပတ်ဗီဇာ ကိုင်ဆောင်ထားသူတွေကတော့ ပြည်ဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။
Ref: Saudi Gazette
Comments