မတ် ၇၊ ၂၀၂၀
M-Media
-အာဏာသိမ်းဖို့ ကြိုးစားတဲ့အတွက် တော်ဝင်မိသားစုက အရေးပါတဲ့ မင်းသား ၂ ပါးကို ဆော်ဒီအာရေဗျက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အမေရိကန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြခဲ့ကြပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘုရင်ဆလ်မန်ရဲ့ညီ မင်းသား အဟ်မဒ် ဘင် အဘ်ဒူလ်အဇစ်၊ ဘုရင်ဆလ်မန်ရဲ့ တူဖြစ်ပြီး အိမ်ရှေ့မင်းသားဟောင်းလည်းဖြစ်တဲ့ မင်းသား မိုဟာမက် ဘင် နာယက်ဖ်တို့ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ အရင်က ဆော်ဒီအစိုးရရဲ့ ထိပ်တန်းရာထူးတွေကို ရယူခဲ့ဖူးသူတွေဖြစ်ပြီး၊ တော်ဝင်မိသားစုအတွင်း အရေးပါသူတွေလည်း ဖြစ်ပါတယ်။
အာဏာသိမ်းဖို့ ကြိုးပမ်းတယ်ဆို စွပ်စွဲချက်နဲ့ ထိန်းသိမ်းခံရတယ်လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပြီး၊ Bloomberg ကတော့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
နာယက်ဖ်ရဲ့ညီ မင်းသား နာ၀က်ဖ် ဘင် နာယက်ဖ်လည်း ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ပါဝင်ပါတယ်။ ဆော်ဒီအာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါဟာ အာဏာကို တစ်ဦးတည်း ဆုပ်ကိုင်ထားလိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ထံကနေ နောက်ဆုံး ပေါ်ထွက်လာတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။
ဝမ်းကွဲညီအစ်ကို မိုဟာမက် ဘင် နာယက်ဖ်ကို ဖယ်ရှားကာ ၂၀၁၇ ခုနှစ်မှာ အိမ်ရှေ့မင်းသား ဖြစ်လာခဲ့ပြီးတဲ့နောက် ဘင် ဆလ်မန်ဟာ အာဏာကို စုစည်းနိုင်အောင် ကြိုးစားခဲ့ပြီး အဲဒီနှစ်ကုန်ပိုင်းမှာပဲ တော်ဝင်မိသားစုဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများကို ခြစားမှုစွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
အခုဖမ်းဆီးမှုဟာ ဘုရင်ဆလ်မန်ရဲ့ တစ်ဦးတည်းသောညီဖြစ်သူ မင်းသား အဟ်မဒ် အရိုက်အရာဆက်ခံနိုင်ရေး တော်ဝင်မိသားစု၊ လုံခြုံရေး အသိုက်အဝန်းနဲ့ အနောက်တိုင်း အင်အားကြီးနိုင်ငံတွေမှာ ထောက်ခံသူတွေရအောင် မင်းသားတွေက စည်းရုံးမှုကြောင့် ပေါ်ထွက်လာတာဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အသက် ၇၈ နှစ်အရွယ် မင်းသား အဟ်မဒ်ဟာ ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျ ပါဝင်မှုအတွက် ၂၀၁၈ ခုနှစ်တုန်းက ဘုရင်ဆလ်မန်နဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အရိုက်အရာကို ဆက်ခံလိုစိတ်မရှိဘူးလို့လည်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ဖူးပါတယ်။
Ref: Aljazeera
Comments