မတ် ၂၂၊ ၂၀၂၀
M-Media
-ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှာကို စိုးရိမ်တဲ့အတွက် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်ခုမှာ စုဝေးဝတ်ပြုမှုကို ဆော်ဒီအာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပြီး ဒါဟာ နှစ်ပေါင်း ၁၄၀၀ ကျော် ကြာမြင့်တဲ့ အစ္စလာမ်သာသနာသမိုင်းမှာ ပထမဆုံးအကြိမ် ရပ်ဆိုင်းမှုလည်း ဖြစ်ပါတယ်။
နိုင်ငံအတွင်း COVID-19 ကူးစက်ပြန့်နှံ့ကာ သေဆုံးမှုတွေရှိနေတဲ့အတွက် ဆော်ဒီအာဏာပိုင်တွေဟာ နယ်စပ်တွေပိတ်တာ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းတာ၊ လှုပ်ရှားသွားလာမှု ကန့်သတ်တာတွေ လုပ်ဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က နိုင်ငံတစ်ဝှမ်း ဗလီတွေမှာ လူစုလူဝေးနဲ့ ဝတ်ပြုမှုကို ရပ်ဆိုင်းလိုက်ပြီး မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီနဲ့ မဒီနာက တမန်တော်မြတ် ဗလီ ၂ လုံးမှာ ဝတ်ပြုမှု ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပေမယ့် ကြာသာပတေးနေ့မှာတော့ မြင့်မြတ်ရာ ဗလီ ၂ လုံးကိုပါ ပိတ်ပစ်လိုက်ပါတယ်။
မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်လုံး ကြီးကြပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာနီ ဘင် ဟိုစနီ ဟိုင်ဒါက ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးပြီးတဲ့နောက် ဒီလို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ မတ်လ ၂၁ ရက်နေ့အထိ ၃၉၂ ဦးရှိနေပြီး သံသယလူနာက ၇၀၆၇ ဦး ရိနေပါတယ်။ ပြန်ကောင်းသွားသူက ၁၆ ဦးရှိကာ သေဆုံးသူ မရှိသေးပါဘူး။
Ref: Aljazeera
Comments