ဧပြီ ၇၊ ၂၀၂၀
M-Media
-COVID-19 ကူးစက်နေတဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို မနေ့က အထူးကြပ်မတ်ကုသဆောင်ကို တင်လိုက်ရပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရာအဘ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်က ရောဂါကူးစက်ကြောင်း တွေ့ရှိခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် ဂျွန်ဆင်ဟာ မသက်သာတဲ့အတွက် တနင်္ဂနွေနေ့မှာ ဆေးရုံတင်လိုက်ရတာပါ။ ရောဂါလက္ခဏာ အခြေအနေက ပိုဆိုးလာတဲ့အတွက် တနင်္လာနေ့မှာ အထူးကြပ်မတ်ကုသခန်းထဲကို ရွှေ့လိုက်ရပါတယ်။
ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်နေတဲ့ ရာအဘ်က ဂျွန်ဆင်ကို အောက်ဆီဂျင်ပေးခဲ့ရပေမယ့် အသက်ရှုစက်တော့ မတတ်ရဘူးလို့ ဒီကနေ့ ဝန်ကြီးချုပ်အိမ်ရှေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းထူးရင် တိုင်းပြည်ကို အချိန်နဲ့တစ်ပြေးညီအသိပေးမယ်လို့လည်း သူက ဆိုပါတယ်။
ဘက်ကင်ဟမ်နန်းတော်ကလည်း ဝန်ကြီးချုပ်ရဲ့ အခြေအနေကို ဘုရင်မကြီးထံ မပြတ်သတင်းပို့နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်နေပေမယ့် ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အစိုးရကို ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ ဂျွန်ဆင်ဟာ တနင်္လာနေ့က ရာအဘ်ကို ခေတ္တ တာဝန်လွှဲပေးခဲ့တာကြောင့် ဝန်ကြီးချုပ်အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Ref : BBC
Comments