ဧပြီ ၇၊ ၂၀၂၀
M-Media
-၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ ၄ ဦး ရှိတယ်လို့ ကမ္ဘာကို ပထမဆုံး ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားစေမယ့် ကပ်ရောဂါရဲ့ အစပါ။
တရုတ်ရဲ့ ဒီထုတ်ပြန်ချက်အပြီး သီတင်းပတ် ၁၀ ပတ်အကြာမှာတော့ ဩစတေးလျနိုင်ငံမှာ ကူးစက်သူအရေအတွက် ၅၀၀၀ နီးပါး ဖြတ်လာပါတယ်။
ဩဇီနဲ့ လူဦးရေ ၂၄ သန်းခြင်းတူ၊ ကျွန်းနိုင်ငံခြင်းလည်းတူ၊ တရုတ်ပြည်မကြီးနဲ့ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး ဆက်သွယ်မှုပမာဏတွေပါတူကာ တရုတ်နဲ့ ပိုနီးတဲ့ ထိုင်ဝမ်မှာတော့ ကူးစက်သူက ၄၀၀ အောက်သာ ရှိပါတယ်။
ဩစတေးလျက ဘာတွေ မှားခဲ့သလဲ?
တကယ်တော့ မမှားခဲ့ပါဘူး။ ဩစတေးလျထက် ကူးစက်မှုပိုများတဲ့ နိုင်ငံပေါင်း ၂၀ လောက်ရှိပြီး အဲဒီထဲက ၇ နိုင်ငံဟာ ၁၀ ဆလောက်ကို များတာပါ။
ဒီနေရာမှာ ထိုင်ဝမ်ရဲ့ Covid-19 ကူးစက်မှု မပြန့်အောင် ပြောင်မြောက်စွာ ထိန်းနိုင်မှုကို ကမ္ဘာက ချီးကျူး အတုယူခဲ့ကြရပါတယ်။
ဘ၀နဲ့ရင်းထားတဲ့ သင်ခန်းစာ
၂၀၀၃ ခုနှစ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဆားစ် (SARS) ပြန့်နှံ့တုန်းက ထိုင်ဝမ်ဟာ အဆိုးဝါးဆုံး ဒဏ်ခံရတဲ့နိုင်ငံထဲမှာ ပါဝင်ခဲ့ပြီး အဲဒီကနေ သင်ခန်းစာကောင်းကောင်း ရခဲ့တာပါ။
ထိုင်ဝမ်ကျွန်းကျွန်း သေးသေးလေးမှာ အဲဒီတုန်းက လူပေါင်း ၁ သိန်းခွဲကျော်ကျော်လောကို သီးခြားခွဲထား စောင့်ကြည့်ခဲ့ရပြီး ၁၈၁ ဦး သေဆုံးခဲ့ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်နဲ့ ယှဉ်ရင် အဲဒီတုန်းက ကူးစက်မှုက ဘာမှမပြောပလောက်ပေမယ့် ရရှိခဲ့တဲ့ အတွေ့အကြုံကိုတော့ အခုအချိန်မှာ ကောင်းကောင်း ပြန်လည် အသုံးချနိုင်ခဲ့ပါတယ်။
ဆားစ်ရောဂါ ပြန့်နှံ့တုန်းက ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်ကျန်းမာရေး ထိန်းချုပ်မှုစင်တာ (NHCC) ဟာ ဝူဟန်မြို့မှာ ကိုရိုနာဖြစ်နေတယ်လို့ သတင်းထွက်လာတာနဲ့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ကျွန်းရဲ့ နေရာတော်တော်များများမှာ ဇန်နဝါရီလောက်ကတည်းက နှာခေါင်းစည်းတွေ နေ့စဉ် တပ်လာအောင် ထိုင်ဝမ်အစိုးရက စီစဉ်ခဲ့ပါတယ်။
တရုတ်နဲ့နီးတာ၊ ကုန်သွယ်ရေး၊ လူဝင်လူထွက်များတာတွေကြောင့် ထိုင်ဝမ်ဟာ အန္တရာယ်အရှိဆုံး နိုင်ငံလို့ ဇန်နဝါရီလမှာ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်က သတိပေးခဲ့ပေမယ့် အစိုးရဟာ ထိရောက်တဲ့ပေါ်လစီတွေချမှတ်ပြီး ကူးစက်မှုကို တားဆီးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ ပတ်အတွင်း အနည်းဆုံး ပေါ်လစီ ၁၂၄ ခုလောက် ချမှတ်အကောင်အထည် ဖော်ခဲ့ပြီး၊ တရုတ်နိုင်ငံ ဒေသတစ်ချို့က ခရီးသွားတွေကို ဝင်ခွင့်ပိတ်တာ၊ ကမ္ဘာ့လှည့်သင်္ဘောတွေကို ကမ်းကပ်ခွင့်ပိတ်တာ၊ လှုပ်ရှားသွားလာမှုကန့်သတ်ပြီး ချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာတွေ ပါဝင်ပါတယ်။ တစ်ချို့ပေါ်လစီတွေဟာ ကမ္ဘာကြီးက ဒီရောဂါအကြောင်း ဆွေးနွေးနေတဲ့အချိန် တော်တော်စောစောကတည်းက ထိုင်ဝမ်မှာ ချမှတ်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
နှာခေါင်းစည်းတွေ နိုင်ငံခြားတင်ပို့မှု ရပ်ဆိုင်းခဲ့သလို ပြည်တွင်းမှာလည်း ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ထိုင်ဝမ်ဟာ အမေရိကန်၊ အီတလီ၊ စပိန်နဲ့ အခြား နိုင်ငံ ၉ နိုင်ငံလောက်ကို နှာခေါင်းစည်း ၁၀ သန်းလောက် ပြန်လည်လှူဒါန်းနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာပါပြီ။
Stanford Medicine ဆေးတက္ကသိုလ်က တွဲဖက်ပါမောက္ခ ထိုင်ဝမ်သား ဂျေဆန်၀မ်က ထိုင်ဝမ်းအစိုးရရဲ့ မြန်မြန်ဆန်ဆန် တုန့်ပြန်အကောင်အထည်ဖော်ခဲ့တဲ့ ပေါ်လစီတွေဟာ ထိရောက်ကာ ကပ်ရောဂါအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ခဲ့ပြီး အခြားနိုင်ငံတွေကလည်း အတုယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ကျန်းမာရေး ထိန်းချုပ်မှုစင်တာမှာ အရည်အချင်းရှိပြီး အတွေ့အကြုံပြည့်၀တဲ့ ကျန်းမာရေး ပညာရှင်တွေ ပါဝင်ကာ ဇန်နဝါရီလလောက်ကတည်းက နေ့စဉ်အခြေအနေတွေကို စောင့်ကြည်ပြီး အစီအမံတွေ လုပ်ဆောင်ခဲ့တာပါ။ တရုတ်က သူပိုင်တယ်လို့ သတ်မှတ်ထားပြီး နိုင်ငံတကာအသင်းအဖွဲ့တွေမှာ ပါဝင်ခွင့်မပေးတာကြောင့် ထိုင်ဝမ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။ ဒါ့ကြောင့် WHO က သတင်းအချက်အလက်တွေကိုလည်း အဖွဲ့ဝင်နိုင်ငံတွေလို သိပ်မရပါဘူး။
ဩစတေးလျအခြေစိုက် Lowy Institute က တရုတ်နဲ့ ထိုင်ဝမ်ရေးရာကျွမ်းကျင်သူ နာတာရှာ ကာဆင်က ဒီလို သတင်းအချက်အလက်တွေမရတာကြောင့် ထိုင်ဝမ်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပေါ်လစီတွေကို အစောကတည်းက လွတ်လွတ်လပ်လပ်နဲ့ ချမှတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုဆိုရင် ထိုင်ဝမ်ဟာ Covid-19 ပတ်သက်တာတွေကိုတော့ နိုင်ငံတကာကို မျှဝေပေးနေပါတယ်။ ထိုင်ဝမ်အာဏာပိုင်တွေကတော့ WHO ကနေ ချန်လှပ်ခံရတာဟာ ကမ္ဘာကြီးကို ကူညီဖို့အတွက် အဟန့်အတားဖြစ်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
Ref : CNN
Comments