ဧပြီ ၁၅၊ ၂၀၂၀
M-Media
-ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ရန်ပုံငွေဖြတ်တောက်ဖို့အတွက် မိမိက ညွှန်ကြားလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး Covid-19 ပြန့်နှံ့မှုမှာ ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာကြောင့်လို ဆိုပါတယ်။
WHO ဟာ အခြေခံတာဝန်တွေကို မကျေပြွန်ခဲ့သလို၊ တရုတ်ရဲ့ သတင်းထိန်ချန်မှုတွေကိုလည်း အားပေးအားမြှောက် ပြုခဲ့တယ်လို့ အင်္ဂါနေ့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ဝေဖန်ခဲ့ပါတယ်။ အဖွဲ့ရဲ့ စုစုပေါင်းရရှိငွေ ၁၅ ရာခိုင်နှုန်းက အမေရိကန်ကနေ ထောက်ပံ့တာဖြစ်ပါတယ်။
ထရမ့်ကတော့ WHO အနေနဲ့ အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် ဆက်လက် တိုက်တွန်းသွားမှာဖြစ်ကြောင်း ကိုရိုနာ ကပ်ရောဂါနဲ့ပတ်သက်ပြီး WHO ရဲ့ သတိပေးမှုတွေကို မိမိတို့အစိုးရက ပြန်လည်သုံးသပ်ပြီးတဲ့အထိ ရန်ပုံငွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က WHO အပါအဝင် ကပ်ရောဂါကို တိုက်ဖျက်နေတဲ့ ဘယ်အဖွဲ့ကိုမှ ရန်ပုံငွေဖြတ်တောက်ရမယ့်အချိန် မဟုတ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။ WHO တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အမေရိကန်မှာ Covid-19 ကူးစက်မှုသူဟာ ၆ သိန်းကျော်လာခဲ့ပြီး ကမ္ဘာပေါ်မှာ အများဆုံး ကူးစက်မှုလည်းဖြစ်ပါတယ်။ ဒီပြဿနာကို ကိုင်တွယ်မှုနဲ့ပတ်သက်လို့ ထရမ့်အစိုးရဟာ ပြည်တွင်းမှာ ဝေဖန်ခံနေရပါတယ်။
Ref: Aljazeera
Comments