ဧပြီ ၁၇၊ ၂၀၂၀
M-Media
-Covid-19 ကူးစက်ပြန့်နှံ့မှာကို စိုးရိမ်တဲ့အတွက် ရမ်ဇာဥပုသ်လ သာရာဝီ ဝတ်ပြုမှုနဲ့ အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှုတွေကို မိမိတို့အိမ်မှာသာ ဆောင်ရွက်ကြဖို့ ဆော်ဒီအာရေဗျ အစ္စလာမ်ဓမ္မသတ်မှူးချုပ်က ဒီကနေ့မှာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
တစ်လတာကြာမြင့်မယ့် ရမ်ဇာန်ဥပုသ်လဟာ လာမယ့်တစ်ပတ်မှာ ကျရောက်မှာ ဖြစ်ပါတယ်။
ဆော်ဒီမှာ Covid-19 ကူးစက်ပြန့်နှံ့မှုကြောင့် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ လုံး အပါအဝင် နိုင်ငံအတွင်းက ဗလီအားလုံးမှာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းခွင့်ကို ပိတ်ထားပါတယ်။
အခုနှစ် အွမ္မရာဟ်ဘုရားဖူးအစီအစဉ်ကို ရပ်ဆိုင်းခဲ့သလို၊ ဇူလိုင်လမှာ ကျရောက်မယ့် ဟဂျ်ဘုရားဖူးကာလအတွက် ပြင်ဆင်နေမှုကို ခေတ္တရပ်ဆိုင်းထားဖို့လည်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကို ဆော်ဒီအစိုးရက မေတ္တာရပ်ခံထားပါတယ်။
ဆော်ဒီ ဓမ္မသတ်မှူးချုပ် မွဖ်သီ ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က ဗိုင်းရပ်စ်မပြန့်နှံ့ရေး ကြိုတင်ကာကွယ်မှုအတွက် အခုနှစ် ရမ်ဇာန်ဥပုသ်လအတွင်း ညပိုင်း သာရာဝီ ဝတ်ပြုဆုတောင်းမှုကို ဗလီဝတ်ကျောင်းတော်တွေမှာ ပြုလုပ်မှာမဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
ဥပုသ်လအကုန် ဝါကျွတ်အီးဒ်ပွဲတော်မှာလည်း ဝတ်ပြုဆုတောင်းမှုတွေကို ဗလီတွေ၊ ကွင်းပြင်တွေမှာ လုပ်ဆောင်မှာမဟုတ်ဘဲ မိမိတို့အိမ်မှာသာ ဝတ်ပြုဖို့ မွဖ်သီက တိုက်တွန်းခဲ့ပါတယ်။
လက်ရှိ ဆော်ဒီအာရေဗျမှာ ကိုဗစ်ကူးစက်သူအရေအတွက် ၆၃၈၀ ဦး ရှိနေပြီး သေဆုံးသူ ၈၃ ဦး ရှိပါတယ်။ ပြန်လည်ကောင်းမွန်သူအရေအတွက်လည်း ထောင်ချီရှိနေပါတယ်။
Ref: Alarabiya
Comments