ဧပြီ ၁၈၊ ၂၀၂၀
M-Media
-စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း Covid-19 ထပ်မံကူးစက်သူ ၉၄၂ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်မှု ၅၉၉၂ ဦးနဲ့ မလေးရှားကိုကျော်ကာ အာဆီယံမှာ တတိယအမြင့်ဆုံး ဖြစ်လာပါတယ်။
ထပ်မံကူးစက်သူ အားလုံးနီးပါးလောက်ဟာ အလုပ်သမားတန်းလျားမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဖြစ်ပြီး စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရထားသူ ၁၄ ဦးသာ ပါဝင်ပါတယ်။
စက်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကူးစက်မှု အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပြီး ဒီကနေ့ညပိုင်းမှာ ထပ်မံထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။ မနေ့က ထုတ်ပြန်ချက်မှာတော့ တစ်ချို့နေရာတွေမှာ ကူးစက်သူတွေနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိဘဲ ကူးစက်တာတွေ ရှိတဲ့အတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်လီရှန်လွန်းက အလုပ်သမားတန်းလျားတွေမှာ ကူးစက်သူအရေအတွက် သိသိသာသာ မြင့်တက်လာပေမယ့် လူငယ်များတဲ့အတွက် အများစုက ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား မရှိဘူးလို့ ဒီကနေ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ကူးစက်မှုတွေ ရပ်တန့်သွားအောင် ကြိုးစားဆောင်ရွက်နေပြီး အချိန်အနည်းငယ် လိုအပ်တယ်လို့လည်း လီရှန်လွန်းက ထည့်သွင်းရေးသားခဲ့ပါတယ်။
Ref: CNA
Comments