ဧပြီ ၂၁၊ ၂၀၂၀
M-Media
-အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လမှာ လူသန်းချီ ရွာပြန်တဲ့ ဓလေ့ထုံးတမ်းကို အခုနှစ်မှာ တားမြစ်သွားမှာဖြစ်ပြီး ကိုဗစ်ပြန့်နှံ့မှု တားဆီးရေးအတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားမှာ Covid-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၉၀ လောက် ရှိနေပြီး ဒါဟာ အရှေ့အာရှမှာ တရုတ်ပြီးရင် အများဆုံး ဖြစ်ပါတယ်။
လူဦးရေ သန်း ၂၆၀ ကျော်ရှိပြီး အများစုက အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြတဲ့ အင်ဒိုနီးရှားမှာ ရမ်ဇာဥပုသ်လရောက်တိုင်း ဝါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲဖို့အတွက် မြို့ကြီးတွေကနေ လူသန်းနဲ့ချီ နေရပ်ပြန်လေ့ရှိပြီး ဒီဓလေ့ကို ‘မူဒစ်’ လို့ ခေါ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလို လူသန်းနဲ့ချီ ရွေ့လျားသွားလာမှုကြောင့် Covid-19 ဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်စေလိမ့်မယ်လို့ သတိပေးခဲ့ထားပါတယ်။
သမ္မတ ဝီဒိုဒိုက အခုနှစ်မှာ ဒီဓလေ့ကို ပိတ်ပင်သွားမယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“မူဒစ်ကို ပိတ်ပင်ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချပြီးပါပြီ။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်”
ဒီပိတ်ပင်မှုဟာ လာမယ့်သောကြာနေ့မှာ စတင်သက်ရောက်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လမှာ အင်ဒိုနီးရှားပြည်သူ ၁၉.၅ သန်းလောက် ခရီးသွားခဲ့ကြတာပါ။
အခုနှစ်မှာသာ ဒီလိုခွင့်ပြုခဲ့ရင် လူသန်းချီ ဗိုင်းရပ်စ်ကူးစက်မယ့်အနေအထား ရှိနေပြီး ပိတ်ပင်လိုက်မယ်ဆိုရင် ကူးစက်မှု ၇ သိန်း ၅ သောင်းလောက် လျှော့ချနိုင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ် အင်ဒိုနီးရှားတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနမှာ တွေ့ခဲ့ရပါတယ်။
Ref: CNA
Comments