ဧပြီ ၂၅၊ ၂၀၂၀
M-Media
-Covdi-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ အချိန်မျိုးမှာ မြန်မြန်သေတယ်ဆိုတာကို တွေ့ရကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ဗိုင်းရပ်စ်ပိုးကို သေစေနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတဲ့အချက်ကို သိပ္ပံပညာရှင်တွေက အရင်ကတည်းက သိရှိထားတာပါ။
အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အကြံပေး ဝီလီယံ ဘရိုင်ယန်က Covid-19 ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ နေရောင်ခြည်နဲ့ထိတွေ့ရင် မြန်မြန် သေဆုံးတယ်လို့ သုတေသနမှာ တွေ့ရတာကြောင့် နွေရာသီရောက်ရင် ဗိုင်းရပ်စ်ပြန့်နှံ့မှု ပိုပြီး နှေးကွေးနိုင်တယ်လို့ မျှော်လင့်ရကြောင်း မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“နေရောင်ခြည်ဟာ ဗိုင်းရပ်စ်ပိုးကို လေထဲမှာရော မျက်နှာပြင်ပေါ်မှာပါ သေစေနိုင်တဲ့စွမ်းအား ရှိတယ်ဆိုတဲ့ အချက်က ကျွန်တော်တို့ ဒီနေ့အထိ လုပ်ခဲ့သမျှထဲမှာ အထင်ရှားဆုံး တွေ့ရှိချက်တစ်ခုပါ။ အပူချိန်နဲ့ စိုစွတ်မှုတွေမှာ ဒီလို တူညီတဲ့ ဂုဏ်သတ္တိမျိုး ရှိတယ်ဆုိတာကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အပူချိန်မြင့်တဲ့နေရာ၊ စွတ်စိုမှု မြင့်တဲ့နေရာ အဲဒီလို နှစ်ခုစလုံး ဖြစ်နေတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ရှင်သန်ဖို့ မလွယ်ပါဘူး”
ဒါပေမယ့် စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုရှိရာ ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများအပြား ရှိနေပြီး ရာသီဥတုအခြေအနေဟာ ဗိုင်းရပ်စ်တားဆီးရေးမှာ သိပ်ပြီး အသုံးမဝင်ဘူးဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒေါက်တာ မာဂရက် ဟာရစ်က အပူချိန်ကြောင့် ကိုရိုနာဗိုင်းရပ်စ် မြန်မြန်သေတယ်ဆိုတဲ့ အထောက်အထားဟာ လက်တွေ့အခြေအနေတွေနဲ့ မကိုက်ညီဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။
ဝီလီယံ ဘရိုင်ယန် ကိုးကားပြောဆိုတဲ့ သုတေသနဟာ တရားဝင် ထွက်မလာသေးတဲ့အတွက် သုံးသပ်ဖို့ ခက်ခဲနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Ref: Aljazeera
Comments