ဧပြီ ၃၀၊ ၂၀၂၀
M-Media
-မက္ကာမြို့က ‘မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ’ မဒီနာမြို့က ‘မတ်စ်ဂျစ်ဒ်နဗဝီ’ ဗလီတို့ကို လူအများ ဝတ်ပြုနိုင်အောင် ပြန်လည်ဖွင့်ပေးဖို့ စီစဉ်နေတယ်လို့ ဂေါပကအဖွဲ့ အကြီးအကဲ ရှိခ် အဘ်ဒူလ်ရဟ်မန် အလ်-ဆူဒိုက်စ်က ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုကြောင့် ဆော်ဒီအာရေဗျ တစ်နိုင်ငံလုံးမှာ ဗလီဝတ်ကျောင်းတော်တွေကို ပိတ်ထားပြီး မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်လုံးမှာတော့ ဗလီဆရာတွေနဲ့ ဝန်ထမ်းတွေ ရမ်ဇာန်ဥပုသ်လ သာရာဝီ ဝတ်ပြုမှုကို ခွင့်ပြုထားပါတယ်။
အလ်-ဆူဒိုက်စ်က မြင့်မြတ်ရာဗလီတွေ ပိတ်ထားရတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝမ်းနည်းမှုနေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ်လို့ အင်္ဂါနေ့က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။
“အစ္စလာမ်လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ ဝမ်းနည်းမှုတွေ ပျောက်ကင်းသွားမယ့်ရက်တွေ ရောက်လာပါတော့မယ်။ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ ခုမှာ ဝတ်ပြုဆုတောင်းလို့ရတဲ့နေ့၊ ဆဖာရ်နဲ့ မရ်ဝါတောင်တွေကို ဆအီပြုလို့ရတဲ့နေ့၊ ကိုတော်မြတ်ရဲ့ ဂူဗိမာန်တော်ကို သွားရောက်ဂါရ၀ပြုကာ အဲဒီမှာ ဝတ်ပြုဆုတောင်းလို့ရမယ့် နေ့ရက်တွေ လာတော့မှာပါ”
အစိုးရဟာ ဒီ မြင့်မြတ်ရာဗလီနှစ်လုံးမှာ ဘေးအန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ရေးအတွက် စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့လည်း အလ်-ဆူဒိုက်စ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဆော်ဒီ ဟဂျ်နှင့် အွမ္မရာ ဘုရားဖူးရေးရာဝန်ကြီးဌာနက မက္ကာနဲ့ မဒီနာမြို့တွေက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ လုံးကို မကြာခင် ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
လက်ရှိ မတ်စ်ဂျစ်ဒ်ဟရမ်နဲ့ မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော် နှစ်လုံးမှာ အပူချိန်တိုင်း ကင်မရာတွေ တပ်ဆင်နေပြီး အခြား ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။
Ref: Saudi Gazette
Comments