မေ ၅၊ ၂၀၂၀
M-Media
-အိန္ဒိယနိုင်ငံမှာ Covid-19 စစ်ဆေးမှု ပမာဏ မြင့်တက်လာတာနဲ့အတူ ကူးစက်ခံထားရသူ အရေအတွက်လည်း သိသိသာသာ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။
မနေ့က ထပ်မံကူးစက်သူအရေအတွက်ဟာ စံချိန်တင် ၃၉၀၀ ဦး ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၄၆၄၃၃ ဦး ရှိလာတာ ဖြစ်ပါတယ်။ မတ်လ ၂၄ ရက်နေ့က စတင်ထုတ်ပြန်ထားတဲ့ ရွေ့လျားသွားလာမှုအမိန့်ကိုလည်း အိန္ဒိယက လျှော့ချမှုတစ်ချို့ ပြုလုပ်နေပါတယ်။
တစ်ချို့ဒေသတွေမှာ စျေးဆိုင်တစ်ချို့ ပြန်ဖွင့်ခွင့်ပေးထားသလို၊ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဝန်ထမ်းအကန့်အသတ်နဲ့ ပြန်လည်လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ကိုယ်ပိုင်ကားတွေကို တစ်ချို့ဒေသတွေမှာ မောင်းနှင်ခွင့်ပေးထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကိုတော့ ဆက်လက် ပိတ်ပင်ထားပါတယ်။
ကူးစက်မှုအရေအတွက် များပြားလွန်းတဲ့နေရာမှာတော့ ကန့်သတ်မှုတွေကို မဖြေလျော့သေးပါဘူး။
ကမ္ဘာ့ ဒုတိယလူဦးရေအများဆုံး အိန္ဒိယမှာ ကူးစက်မှုနဲ့ သေဆုံးသူအရေအတွက်ဟာ နည်းပါးတာကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်တယ်လို့ ပြောကြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ကန့်သတ်မှုတွေကို စောစောစီးစီး လျော့ချလိုက်တာကြောင့် အောင်မြင်မှုတွေ ပြန်လည် ဆုံးရှုံးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
Ref: BBC
Comments