မေ ၁၀၊ ၂၀၂၀
M-Media
-Covid-19 ပြန့်နှံ့မှု တားဆီးကာကွယ်ရေးအတွက် ရွေ့လျားသွားလာမှု ကန့်သတ်မိန့် (MCO) ကို မလေးရှားက နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်ပါတယ်။
မတ်လ ၁၈ ရက်နေ့ကတည်းက စတင်ထုတ်ပြန်ခဲ့တဲ့ MCO ကို မလေးရှားက ၅ ကြိမ်အထိ သက်တမ်းတိုးလိုက်တာပါ။ လက်ရှိသက်တမ်းဟာ မေလ ၁၂ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ကိုဗစ်တိုက်ဖျက်ရေးမှာ တိုးတက်မှုအများအပြားကို မြင်တွေ့ရပေမယ့် ပြည့်ပြည့်၀၀ မအောင်မြင်သေးတာကြောင့် ကန့်သတ်ချက်တစ်ချို့ လျှော့ပေးထားတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်တယ်လို့ ဒီကနေ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
“ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အစိုးရက လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်တာကို ပြည်သူတွေက လိုလားတယ်ဆိုတာ သိရပါတယ်”
တိုင်းပြည်ကို တံခါးပိတ်ပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တဲ့ မတ်လ ၁၈ ရက်နေ့နောက်ပိုင်း မလေးရှားမှာ ကိုဗစ်ကူးစက်မှုအရေအတွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မေလ ၉ ရက်နေ့အထိ ကူးစက်သူအရေအတွက် ၆၅၈၉ ဦးရှိကာ သေဆုံးသူ ၁၀၈ ဦး ရှိပါတယ်။ ကူးစက်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ပြန်လည် သက်သာသွားပြီ ဖြစ်ပါတယ်။
မလေးရှားဟာ မေလ ၄ ရက်နေ့ကစလို့ MCO ကန့်သတ်မှုတစ်ချို့ကို လျှော့ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို ပြန်ဖွင့်ခွင့်ပေးခဲ့ကာ သက်တမ်းတိုးတဲ့ နောက်ထပ် ၄ ပတ်မှာလည်း ဒီအတိုင်းပဲ ဆက်လက်ကျင့်သုံးမှာ ဖြစ်ပါတယ်။
Ref: The Star
Comments