မေ ၁၂၊ ၂၀၂၀
M-Media
-မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံက တက္ကသိုလ်နှစ်ခုရဲ့ အကူအညီနဲ့ ၂၀၂၁ ခုနှစ်မှာ ကိုယ်ပိုင်ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်က မြန်မာကျောင်းသားတွေ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးတက္ကသိုလ်ကို သွားရောက်ပြီး ဂြိုဟ်တုတည်ဆောက်မယ့် စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ကျောင်းသားတွေဟာ ၅ နှစ်တာ စီမံကိန်းကာလအတွင်း ဂြိုဟ်တု ၂ လုံး တည်ဆောက်မှာဖြစ်ကာ ဂြိုဟ်တုတည်ဆောက်ရေး၊ လွှတ်တင်ရေးနဲ့ ဂြိုဟ်တုကပေးပို့တဲ့ အချက်အလက်တွေကို ရယူရေး စတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လေ့လာဆည်းပူးမှာဖြစ်ပါတယ်။
ဒီစီမံကိန်းအတွက် ကန်ဒေါ်လာ ၁၆ သန်း ကုန်ကျမှာဖြစ်ပြီး မြန်မာအစိုးရက ကျခံမှာ ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ လွှင်တင်ဖို့ စီစဉ်ထားတဲ့ ဂြိုဟ်တု အသေးစားလေးဟာ ၅၀ ကီလိုဂရမ် အလေးချိန်ရှိပြီး အလျား၊ အနံ ၅၀ စင်တီမီတာ ပတ်လည် ရှိမှာဖြစ်ပါတယ်။
ကမ္ဘာမြေကို လေ့လာစူးစမ်းမယ့် ဒီဂြိုဟ်တုကို လယ်ယာထုတ်ကုန်တိုးတက်ရေး၊ သဘာ၀ဘေးဘန္တရာယ် တားဆီးကာကွယ်ရေး၊ လေထုညစ်ညမ်းမှု စောင့်ကြည့်ရေးတွေအတွက် အသုံးပြုမှာဖြစ်တယ်လို့ ဟိုကိုင်းဒိုးတက္ကသိုလ် အာကာသမစ်ရှင်ဌာနက ပါမောက္ခ ယူကီဟီရို တာကာဟာရှီက ပြောကြားခဲ့ပါတယ်။
စီမံကိန်းအတွက် ပထမအသုတ် မြန်မာကျောင်းသား ၇ ဦးဟာ မတ်လမှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရပါတယ်။
မြန်မာအစိုးရဟာ ကိုယ်ပိုင်ဂြိုဟ်တုစနစ် တည်ဆောက်ရေးအတွက် ရည်မှန်းချက် ချမှတ်ထားပြီး ၂၀၁၇ ခုနှစ်မှာ ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဩဂုတ်လက ပြင်သစ်ဂီနီနိုင်ငံကနေ လွှတ်တင်လိုက်တဲ့ Intelsat39 ဆက်သွယ်ရေးဂြိုဟ်တုရဲ့ လုပ်ဆောင်ချက်တစ်စိတ်တစ်ပိုင်းကို မြန်မာနိုင်ငံက ငှားရမ်းအသုံးပြုခဲ့ပါတယ်။
Ref: Nikkei Asian
Comments