မေ ၁၃၊ ၂၀၂၀
M-Media
-ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူတွေကို တပ်ဖွဲ့ဝင်တွေက ညှင်းပမ်းမှုတွေ ရှိခဲ့တယ်လို့ မြန်မာအစိုးရ စစ်တပ်က ဝန်ခံပြောကြားလိုက်ပါတယ်။
လက်ထိပ်ခပ်ထားပြီး၊ မျက်လုံးကို အဝတ်စီးထားသူတွေရဲ့ခေါင်းကို အရပ်ဝတ် ဝတ်ထားသူတွေက ထိုးတာ၊ ကန်တာတွေလုပ်တဲ့ ဗီဒီယိုတစ်ခု တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ပြီးနောက်ပိုင်း အစိုးရစစ်တပ်ဖက်က ဒီလိုဝန်ခံမှု ပေါ်ထွက်လာတာပါ။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖမ်းခံထားရသူ ၅ ဦးဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတာဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို စက်လှေနဲ့ ပို့ဆောင်စဉ်မှာ ဒီအဖြစ်အပျက် ဖြစ်ပွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တစ်ချို့ တပ်ဖွဲ့ဝင်တွေဟာ ဥပဒေနဲ့မညီတဲ့ပုံစံနဲ့ စစ်ကြောရေးလုပ်ဆောင်ခဲ့ပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။ ဘယ်လို အရေးယူအပြစ်ပေးမလဲဆိုတာကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ AA နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပါတယ်။
“ကျွန်မသားက ဆန်ဆိုင်မှာ အလုပ်လုပ်တာပါ။ AA နဲ့ပတ်သက်ပြီး သူ ဘာမှ မသိပါဘူး” လို့ ဖမ်းဆီးခံထားရသူ အသက် ၂၄ နှစ်အရွယ် ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်နီနီက ပြောကြားခဲ့ပါတယ်။
AA နဲ့ တိုက်ပွဲတွေဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရစစ်တပ်ဟာ အရပ်သားတွေအပေါ် ညှမ်းပမ်းနှိပ်စက်မှု ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စစ်တပ်ဖက်ကတော့ ဒါကို ငြင်းဆိုပါတယ်။
Ref: Frontier Myanmar
Comments