မေ ၂၇၊ ၂၀၂၀
M-Media
-ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ Covid-19 ကူးစက်မှုအရေအတွက် မြင့်တက်လာတာကြောင့် အနည်းဆုံး လူပေါင်း ၁၅၀၀၀ လောက်ကို သီးသန့်ခွဲထား စောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှု၊ ညှမ်းပမ်းနှိပ်စက်မှုတွေကြောင့် ၁၉၇၀ ပြည့်နှစ်တွေကစပြီး ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကာ ခိုလှုံနေရတာပါ။ အခုအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရသူ ရိုဟင်ဂျာ တစ်သန်းလောက် ရှိနေပါတယ်။
လူဦးရေပြွတ်သိပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုအကြီးအကျယ် ဖြစ်ပွားနိုင်တယ်လို့ နိုင်ငံတကာ ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ပထမဆုံး Covid-19 ကူးစက်မှုကို မေလအလယ်ပိုင်းမှာ စတွေ့ခဲ့ရပြီး လက်ရှိမှာ ၂၉ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတည်ရှိရာ ကော့ဆက်ဘဇားဒေသက ကျန်းမာရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူ တိုဟာ ဘူအီယန်က ကူးစက်သူတွေဟာ စိုးရိမ်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ကူးစက်မှုအဓိကဖြစ်ပွားပြီး စုစုပေါင်း လူပေါင်း ၁၅၀၀၀ လောက်ရှိတဲ့ နေရာ ၃ ခုကို အာဏာပိုင်တွေက အသွားအလာဖြတ်တောက်ကာ သီးသန့်ခွဲထား စောင့်ကြည့်နေပါတယ်။
ဘူအီယန်က ကူးစက်သူတွေ၊ သူတိုနဲ့ထိတွေ့ခဲ့သူတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဒုက္ခသည်စခန်းတွေမှာ စမ်းသပ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကိုဗစ်ကူးစက်သူ ၇၀၀ လောက်ကို သီးခြားခွဲထား ကုသနိုင်မယ့် နေရာ ၇ နေရာကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြင်ဆင်ထားပြီး မေလ အကုန်ပိုင်းမှာ ကူးစက်သူ အများဆုံး ၂ ထောင်ထက် မကျော်နိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။
Ref: Aljazeera
Comments