ဇွန် ၉၊ ၂၀၂၀
M-Media
-တော်လှန်ရေးအစောင့်တပ်ဖွဲ့ခေါင်းဆောင် ကာစင် ဆိုလိုင်မာနီ လုပ်ကြံခံရမှုမှာ ရန်သူတွေထံ သတင်းပေးခဲ့သူကို မကြာခင် ကွပ်မျက်တော့မယ်လို့ အီရန်က ကြေငြာလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ စစ်ရေးဩဇာကို ဖြန့်ကျက်နိုင်ခဲ့တဲ့ ဆိုလိုင်မာနီကို ဇန်နဝါရီလ ၃ ရက်မှာ အမေရိကန်က အီရတ်မှာ ဒရုန်းနဲ့ ပစ်ခတ်လုပ်ကြံခဲ့တာပါ။
“(အမေရိကန်ထောက်လှမ်းရေး) စီအိုင်အေနဲ့ (အစ္စရေးထောက်လှမ်းရေး) မိုဆာ့ဒ်တို့အတွက် သူလျှိုလုပ်ပေးခဲ့သူတွေထဲက မဟ်မူဒ်း မူဆာဗီ မဂျစ်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ သူဟာ ကျဆုံးသွားတဲ့ ဆိုလိုင်မာနီ ဘယ်မှာရှိတယ်ဆိုတာကို ရန်သူတွေထံ သတင်းပေးခဲ့တာပါ” လို့ ဒီကနေ့ ရုပ်သံကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန် တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုလမ် ဟိုစိန် အစ္စမာအီလီက ပြောကြားခဲ့ပါတယ်။
မဂျစ်ဟာ ဆိုလိုင်မာနီနဲ့ပတ်သက်တဲ့ ဘာသတင်းတွေကို ပေးခဲ့တယ်ဆိုတာနဲ့ ဘယ်တော့ ကွပ်မျက်မယ် ဆိုတာကိုတော့ အစ္စမာအီလီက ပြောကြားခဲ့ခြင်း မရှိပါဘူး။
စီအိုင်အေအတွက် အလုပ်လုပ်ပေးနေတဲ့ သူလျှို ၇ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ချို့ကို သေဒဏ်ပေးလိုက်တယ်လို့ ပြီးခဲ့တဲ့နွေရာသီတုန်းမှာ အီရန်က ထုတ်ပြန်ခဲ့ပြီး အခု မဂျစ်ရဲ့ကိစ္စဟာ ဒါနဲ့ ဆက်စပ်နေလားဆိုတာကိုလည်း အီရန်အာဏာပိုင်တွေက ထုတ်ဖော်မပြောခဲ့ပါဘူး။
ဟိုစိန် ဆိုလိုင်မာနီ လုပ်ကြံခံရပြီး သိပ်မကြာခင်မှာပဲ အီရန်ဟာ အီရတ်က အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။
Ref: Aljazeera
Comments