ဇွန် ၁၃၊ ၂၀၂၀
M-Media
-၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံဝူဟန်မြို့မှာ Covid-19 ပြန့်နှံ့လာတဲ့ အချိန်ကစပြီး ကမ္ဘာတစ်ဝှမ်းက ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေဟာ ဒီရောဂါအကြောင်း ပိုမို သိရှိနားလည်အောင် ကြိုးစားလာခဲ့ကြပါတယ်။
ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပေမယ့ ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကနေတစ်ဆင့် ပြန်လည် ကူးစက်မှုရှိတာကို တွေ့လာရပါတယ်။
ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကို Asymptomatic လူနာတွေလို့ခေါ်ပြီး သူတို့နဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ သိကောင်းစရာ ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Asymptomatic ဆိုတာဘာလဲ?
လူတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပေမယ့် ကျန်းကျန်းမာမာရှိနေပြီး ရောဂါလက္ခဏာ မပြတာမျိုးကို Asymptomatic လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်စမှာ ရောဂါလက္ခဏာမပြဘဲ နောက်ပိုင်းမှာ ပြလာတာကို Pre-symptomatic လို့ခေါ်ပါတယ်။ Asymptomatic နဲ့ Pre-symptomatic တို့ဟာ မတူညီပါဘူး။
Pre-symptomatic လူနာတွေဟာ ဗိုင်းရပ်စ်ကူးစက်ပြီး ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ကြပြီး အများစုက ၅ ရက်နေ ၆ ရက်အတွင်းမှာ လက္ခဏာပြတာ ဖြစ်ပါတယ်။
Covid-19 နဲ့ ရောဂါလက္ခဏာတွေက ဖျားတာ၊ မောပမ်းနွမ်းနယ်တာ၊ ချောင်းခြောက်ဆိုးတာတွေဖြစ်ပြီး တစ်ချို့လူနာတွေကတော့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာ၊ လည်ချောင်းနာတာ၊ ဝမ်းလျောတာ၊ ပါးစပ်ပျက်တာတွေ ဖြစ်တတ်ကြပါတယ်။
၂။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ် ပြန့်နှံ့လား?
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအများစုက ရောဂါပြန့်နှံနိုင်တယ်လို့ မှတ်ယူထားကြပါတယ်။
WHO ကလည်း Asymptomatic လူနာတွေထံကနေ Covid-19 ပြန့်နှံ့နိုင်တယ်လို့ အတည်ပြုထားပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပြန့်နှံ့နိုင်လဲဆိုတာကို သုတေသနလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြောက်အမေရိက ပါကစ္စတန်ဆရာဝန်များအသင်း APPNA ရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ နာဟစ် အွတ်စမာနီက Asymptomatic လူနာတွေကို အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အသေအချာ စောင့်ကြည့်တာမျိုး မလုပ်ဘဲ၊ သူတို့တွေကနေတစ်ဆင့် ရောဂါ ပြန့်နှံ့နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
၃။ Asymptomatic လူနာတွေထံကနေ ဘယ်လိုပြန့်နိုင်သလဲ?
ရောဂါလက္ခဏာပြတဲ့လူနာတွေလိုပဲ Asymptomatic လူနာတွေရဲ့ တံတွေးထွေးတာ၊ ချောင်းဆိုတာ၊ နှာချေတာတွေ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ရောဂါကူးစက်နိုင်ပါတယ်။
အခြားသူတွေကို တိုက်ရိုက်ထိတွေ့တာ၊ ဗိုင်းရပ်စ်ရှိသူတွေ ထိတွေ့ကိုင်တွယ်ထားတဲ့ အရာ၀တ္ထုတွေကို ထိတွေ့ကိုင်တွယ်တာတွေကနေတစ်ဆင့်လည်း ကူးစက်ပါတယ်။
“နှာခေါင်းကိုပွတ်မယ်၊ ပါးစပ်ကိုကိုင်မယ်၊ မျက်လုံးကို ပွတ်မယ်။ နောက်ပြီး အခြားအရာတွေကို သွားကိုင်မယ်။ ခင်ဗျားမှာ ဗိုင်းရပ်စ်ရှိနေရင် ဒီလိုနည်းလမ်းနဲ့လည်း ဗိုင်းရပ်စ်က ပြန့်ပွားနိုင်ပါတယ်” လို့ ကယ်လီဖိုးနီးတက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ အန်နီ ရီမိုအင်က ပြောကြားခဲ့ပါတယ်။
၄။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု နည်းလား?
ဒီလူတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု များလား၊ နည်းလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သုတေသနလုပ်ဖို့ လိုအပ်ပါတယ်။
WHO ကတော့ Asymptomatic လူနာတွေထံကနေ ရောဂါကူးစက်မှုဟာ ရောဂါလက္ခဏာပြတဲ့ လူနာတွေထံက ကူးစက်မှုလောက် မများဘူးလို့ ပြောကြားထားပါတယ်။
ဒေါက်တာ အွတ်စမာနီကလည်း ဒီအချက်ကို သဘောတူပြီး ကူးစက်မှုဟာ ဗိုင်းရပ်ဝင်ရောက်မှု ပမာဏနဲ့ ဆက်နွယ်နေမယ်ဆိုရင် ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြတဲ့ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ နည်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
၅။ ဘယ်လိုကာကွယ်မလဲ?
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နည်းက ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး မကြာခဏ လက်ဆေးတာ၊ နေအိမ်တွေကို အမြဲတမ်း သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောတာ၊ လူများတဲ့နေရာတွေကိုသွားရင် နှာခေါင်းစည်း တပ်သွားတာတွေ ဖြစ်ပါတယ်။
ဖြစ်နိုင်ရင် တစ်ခြားသူတွေနဲ့ ခပ်ခွာခွာနေထိုင်ဖို့သင့်ပြီး လက်မဆေးဘဲနဲ့ မျက်နှာ၊ မျက်လုံးနဲ့ ပါးစပ်တွေိကို မကိုင်မိစေဖို့ သတိပြုရပါမယ်။
Ref: Aljazeera
Comments