ဇွန် ၂၁၊ ၂၀၂၀
M-Media
-Covid-19 ပြန်နှံ့မှုကြောင့် နိုင်ငံကို တံးခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားတဲ့ စင်ကာပူမှာ ကန့်သတ်ချက်တွေကို တစ်ဖြည်းဖြည်း လျော့ချနေပြီး ဇွန်လ ၂၆ ရက်နေ့ကစတင်ပြီး ဗလီဝတ်ကျောင်းတော်တွေမှာ လူစုလူဝေးနဲ့ ဝတ်ပြုခွင့်ကို ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။
လူစုလူဝေးနဲ့ ပြန်လည်ဝတ်ပြုခွင့်ပြုတဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို စင်ကာပူ အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်တဲ့ MUIS က ထုတ်ပြန်ထားပါတယ်။
ဗလီတစ်ခုစီတိုင်းဟာ သောကြာနေ့ ဝတ်ပြုဆုတောင်းမှုကို ၂ ကြိမ်ခွဲ ပြုလုပ်မှာဖြစ်ပြီး တစ်ကြိမ်မှာ လူ ၅၀ သာ ခွင့်ပြုမှာပါ။ နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုမှာလည်း တစ်ကြိမ်ကို လူ ၅၀ သာ ဝတ်ပြုခွင့်ရမှာပါ။
ဝတ်ပြုမယ့်သူတွေအနေနဲ့ အွန်လိုင်းက ကြိုတင်ဘိုကင်လုပ်နိုင်ဖို့း MUIS က စီစဉ်ထားပြီး ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီကနေစတင်ကာ ဘိုကင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ MUIS က ဘိုကင်လက်မှတ် ပြနိုင်သူကိုသာ ဗလီထဲဝင်ခွင့်ပေးသွားမယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇွန်လ ၂၆ ရက်ကနေ ဇူလိုင် ၁၀ ရက်နေ့အထိ သောကြာနေ့ ဝတ်ပြုဆုတောင်းမှု ၃ ကြိမ်မှာ လူတစ်ဦးကို တစ်ကြိမ်သာ ဘိုကင်လုပ်ခွင့်ရမှာဖြစ်ပြီး လူ့အဖွဲ့အစည်းက လူအများအပြား ဝတ်ပြုနိုင်အောင် စီစဉ်တာဖြစ်တယ်လို့ MUIS က ပြောကြားခဲ့ပါတယ်။
ဗလီတွေမှာ Covid-19 ကူးစက်နိုင်ချေ ရှိတာကြောင့် ဝတ်ပြုသူတွေ အန္တရာယ်ကင်းရေး အစီအစဉ်တွေကို ချမှတ်အကောင်အထည်ဖော်သွားမယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။
ဝတ်ပြုသူတွေဟာ နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာ စတဲ့ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး ဝတ်ပြုဖို့ အခင်းတွေကိုလည်း အိမ်ကနေ ယူလာရမှာဖြစ်ပါတယ်။
တရားဒေသနာဟောကြားရာမှာလည်း ဗလီဆရာဟာ ဝတ်ပြုသူတွေရဲ့ ပထမဆုံးလိုင်းနဲ့ ၆ ပေအကွာမှာ ရပ်မှာဖြစ်ပါတယ်။ ခပ်ခွာခွာနေထိုင်ရေး အဆင်ပြေစေဖို့အတွက် ဗလီတွေမှာ အမှတ်အသားတွေလည်း ပြုလုပ်ထားမှာဖြစ်ပြီး ဝတ်ပြုဆုတောင်းမှုအပြီးမှာ လူတွေအားလုံး ချက်ခြင်း ဗလီကနေ ပြန်ထွက်ရမှာ ဖြစ်ပါတယ်။
Ref: CNA
Comments