ဇါန် ၂၅၊ ၂၀၂၀
M-Media
-လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်သေဆုံးမှုဟာ လူတ်သတ်ဖြစ်ပြီး ဖမ်းဆီးမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တမင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မင်နီယာပိုလစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲက မီဒါရီယာ အေရာဒွန်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။
ဂျော့ဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်တဲ့ရဲတွေကို ထိထိရောက်ရောက်အပြစ်ပေးရေး၊ ရဲတပ်ဖွဲ့အတွင်း ရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။
ဖလွိုက်ကို သေဆုံးတဲ့အထိ ဒူးနဲ့ လည်ပင်းကိုထောက်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ဒဲရက်ချူဗင်းနဲ့ ဖမ်းဆီးမှုမှာ ပါ၀င်တဲ့ အခြားရဲတပ်ဖွဲ့၀င် ၃ ဦးဟာ လက်ရှိမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။
အခင်းဖြစ်ပွားရာ မင်နီယာပိုလစ်မြို့ရဲ့ ရဲချုပ် မီဒါရီယာ အေရာဒွန်ဒိုရဲ့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ဒဲရက်ချူဗင်းဟာ ဖလွိုက် အသက်ရှူကြပ်နေသာ သိသိကြီးနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“မစ္စတာ ဂျော့ဂျ်ဖလွိုက် ဆိုးဆိုးရွားရွားသေဆုံးမှုဟာ လေ့ကျင့်မှု အားနည်းလို့ မဟုတ်ပါဘူး။ လေ့ကျင်မှုကောင်းခဲ့တယ်။ (ရဲအရာရှိ) ချူဗင်းဟာ သူ့လုပ်ရပ်ကို သူသိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဘာဖြစ်နေလဲဆိုတာ သိကြပါတယ်။ တစ်ယောက်က တမင် အသက်ရှုကြပ်အောင် လုပ်ပြီး နောက်လူတွေကလည်း ဒါကို မတားကြပါဘူး။ ဒါဟာ လူသတ်မှုဖြစ်ပြီး လေ့ကျင့်မှုအားနည်းတာကြောင့် မဟုတ်ပါဘူး”
ဒီလိုအနေအထားမျိုးနဲ့ ဖမ်းဆီးတဲ့အခါ အသက်ရှုကြပ်ပြီး သေဆုံးနိုင်ခြေရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားအသိပေးဖို့ ၂၀၁၃ ခုနှစ်က အကြံပြုချက်ကို မင်နီယာပိုလစ်ရဲဌာနက အပြည့်အ၀ လိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်း ရဲချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Ref: CNN
Comments