ဇူလိုင် ၈၊ ၂၀၂၀
M-Media
-ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဆေးရုံနဲ့ ကုလားအုတ်ဆိုင်ရာ သုတေသနစင်တာကို ဆော်ဒီအာရေဗျနိုင်ငံ အလယ်ပိုင်း ကာဆင်ဒေသမှာ အခုတစ်ပတ်အစောပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
စကွဲယားမီတာ ၇ သောင်း ကျယ်ဝန်းတဲ့ အဲဒီဆေးရုံကို ကန်ဒေါ်လာ ၂၆.၇ သန်း အကုန်ကျခံ တည်ဆောက်ခဲ့တာပါ။ ဒေသ အုပ်ချုပ်ရေးမှူး မင်းသား ဒေါက်တာ ဖိုက်ဆဲလ် ဘင် မီရှာအာလ်က တနင်္လာနေ့မှာ ဒီဆေးရုံကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အရင်က ကုလားအုတ်ဆေးရုံ ၂ ခုသာရှိပြီး ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့နဲ့ ကာတာနိုင်ငံ ဒိုဟာမြို့တွေမှာ ဖြစ်ပါတယ်။ ကာတာက ကုလားအုတ်ဆေးရုံကို ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ဒူဘိုင်းက ဆေးရုံကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ကာ ၂၀၁၉ ခုနှစ်မှာ အကောင် ၃၀ ကို တစ်ပြိုင်တည်းကုသနိုင်အောင် ထပ်မံတိုးချဲ့ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ကုလားအုတ်ပြိုင်ပွဲ၊ အလှပြပွဲတော်တွေဟာ ရေပန်းစားပြီး ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းက လူထောင်သောင်းချီ လာရောက်ကြည့်ရှုကြတဲ့ ပွဲတော်တွေ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် စာရင်းတွေအရ အာရေဗျကျွန်းဆွယ်မှာ ကုလားအုတ်ကောင်ရေ ၁.၆ သန်း ရှိပြီး ၅၃ ရာခိုင်နှုန်းက ဆော်ဒီအာရေဗျမှာ ဖြစ်ပါတယ်။
Ref: Alarabiya
Comments