ဇူလိုင် ၈၊ ၂၀၂၀
M-Media
-Covid-19 ရောဂါ လေထဲကနေ ကူးစက်နိုင်တဲ့ အထောက်အထား အများအပြားပေါ်ထွက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုလိုက်ပြီး လိုအပ်တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုဗစ်ဟာ လေထဲကနေကူးစက်တယ်ဆိုတာကို သုတေသနမှာ တွေ့ရှိရပြီး၊ ဒါကို အလေးထားလုပ်ဆောင်ဖို့ ကမ္ဘာတစ်ဝှမ်းက ပညာရှင် ၂၃၉ ဦး တနင်္လာနေ့က လက်မှတ်ရေးထိုးတောင်းဆိုပြီးတဲ့နောက် အင်္ဂါနေ့မှာ WHO က အခုလို ထုတ်ပြန်ခဲ့တာပါ။
ပိုးရှိသူရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ အစက်အပြောက်တွေကို ထိတွေ့ရာကနေ ကိုဗစ် ကူးစက်တာပါ။ အရင်က လေထဲကနေတစ်ဆင့် မကူးစက်နိုင်ဘူးလို့ ယူဆထားပေမယ့် နောက်ပိုင်း လေ့လာဆန်းစစ်မှုတွေအရ နှာချေ၊ ချောင်းဆိုးရာကနေ ထွက်လာတဲ့ အစက်တွေဟာ လေထဲမှာ မျောပါနိုင်တာကို တွေ့ရတာကြောင့် ကူးစက်မယ့်အန္တရာယ် မြင့်တက်လာတယ်လို့ ပညာရှင်တွေက သတိပေးထားကြပါတယ်။
WHO ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေးဌာန နည်းပညာဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဘန်နက်ဒက်တာ အလီဂန်ဇီက လက်မှတ်ရေးထိုးခဲ့တဲ့ ပညာရှင်တွေထဲက တော်တော်များများနဲ့ မိမိတို့ တွေ့ဆုံဆွေးခဲ့တယ်လို့ ပြောကြားခဲ့ပ့ါတယ်။
ရရှိတဲ့အထောက်အထားတွေကနေတစ်ဆင့် ကူးစက်မှုပုံစံတွေ၊ လုပ်ဆောင်ရမယ့် ကြိုတင်ကာကွယ်မှု လုပ်ငန်းစဉ်တွေကို နားလည်အောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာသွားမှာဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
WHO ကို လက်မှတ်ရေးထိုးတောင်းဆိုတဲ့ ပညာရှင်တွေထဲမှာ အင်ဂျင်နီယာအများအပြားပါဝင်တာကြောင့် ကိုဗစ်ကုသရေးမှာ အရေးပါတဲ့ အသက်ရှုစက်နဲ့ပတ်သက်ပြီး ပိုမိုသိရှိလာကြောင်း၊ သိပ္ပံပညာရှင်တွေနဲ့ ဆွေးနွေးထားတဲ့ အချက်အလက်တွေကို လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ထုတ်ပြန်ပေးမှာဖြစ်ကြောင်း WHO ရဲ့ အရေးပေါ်ဌာနက ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ မာရီယာ ဗန် ကာရ်ကိုဗီက ပြောကြားခဲ့ပါတယ်။
Ref : CNN
Comments