ဇူလိုင် ၁၂၊ ၂၀၂၀
M-Media
-ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ဂန္တဝင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ အမီသာ့ဘ် ဘချန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် မနေ့မှာ ဆေးရုံတင်လိုက်ရပါတယ်။
မိမိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီဆိုတာ ဆေးရုံက အတည်ပြုခဲ့ပြီး မိသားစုဝင်တွေကိုလည်း စစ်ဆေးထားကြောင်း၊ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း မိမိနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေအားလုံး ဗိုင်းရပ်စ်စစ်ဖို့ တိုက်တွန်းကြောင်း အသက် ၇၇ နှစ်အရွယ် အမီသာ့ဘ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အမီသာ့ဘ်နဲ့အတူ သားဖြစ်သူ အသက် ၄၄ နှစ်အရွယ် အဘီရှက် ဘချန်းလည်း ဗိုင်းရပ်စ်ကူးစက်နေပြီး မွမ်ဘိုင်းက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ၂ ဦးစလုံး ဆေးကုသမှု ခံယူနေပါတယ်။
အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံမှုဒဏ်ကို အကြီးအကျယ်ခံစားနေရပြီး ကူးစက်သူ ၈ သိန်းကျော်၊ သေဆုံသူ ၂ သောင်းကျော် ရှိနေတာပါ။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေမှာ အမီသာ့ဘ်ဟာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။
ကိုရိုနာကန့်သတ်မိန့်ကြောင့် မတ်လကတည်းက ရိုက်ကူးမှုတွေ နားထားတဲ့ ဘောလီးဝုဒ် ရုပ်ရှင်လောကဟာ မကြာသေးခင်ကစလို့ ရိုက်ကူးမှု ပြန်လည်လုပ်ဆောင်လာပါတယ်။ ဒါပေမယ့် အသက် ၆၅ နှစ်ကျော်တဲ့ သရုပ်ဆောင်တွေကိုတော့ ရိုက်ကွင်းလာရောက်ခွင့် မပေးပါဘူး။
Ref: Aljazeera
Comments