ဇူလိုင် ၁၄၊ ၂၀၂၀
M-Media
-တောင်တရုတ်ပင်လယ်က ရေပိုင်နက်တွေကို ပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ပြောကြားမှုကို လက်မခံဘူးလို့ အမေရိကန်အစိုးရက မနေ့မှာ တရားဝင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပြီး၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့နဲ့ ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပွားနေတာပါ။ ဒီအငြင်းပွားဒေသတွေမှာ စစ်စခန်းဆောက်တာ၊ ငါးခိုးဖမ်းတာ၊ ကျွန်းတုတွေတည်ဆောက်တာ၊ သယံဇာတ ခိုးထုတ်မှုတွေကိုလည်း တရုတ်က လုပ်ဆောင်နေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်း အရေးဆိုဖို့အတွက် တရုတ်မှာ ဥပဒေအရေ အခွင့်အရေးမရှိကြောင်း၊ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်တဲ့နည်းလမ်းတွေကို အသုံးပြုနေကြောင်း ပြောကြားခဲ့ပါတယ်။
“တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးနီးက ကမ်းလွန်ရင်းမြစ်တွေ ပိုင်ဆိုင်တယ်လို့ ဘေဂျင်းရဲ့ပြောဆိုမှု၊ ဒါတွေကိုထိန်းချုပ်ဖို့ ဗိုလ်ကျအနိုင်ကျင့်တာတွေဟာ ဥပဒေနဲ့ လုံး၀မညီညွတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ ။ တောင်တရုတ်ပင်လယ်မှာ အဏ္ဍဝါအင်ပါယာထူထောင်ဖို့ တရုတ်ကကြိုးစားနေတာကို ကမ္ဘာကြီးက ခွင့်ပြုမှာ မဟုတ်ပါဘူး”
အမေရိကန်က တရုတ်သံရုံးကတော့ ပွမ်ပီယိုရဲ့ ဒီပြောဆိုချက်ဟာ လုံး၀ အခြေအမြစ်မရှိဘဲ၊ အမေရိကန်ဟာ အခြေအနေပိုဆိုးအောင် မီးထိုးပေးနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်အရေး၊ ရှင်ကျန်းက လူနည်းစုတွေအပေါ် ဖိနှိပ်နေမှု စတာတွေနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အခုဒီထုတ်ပြန်မှုကြောင့် တင်းမာမှုတွေ ပိုမိုဆိုးရွားမယ့် အလားအလာ ရှိနေပါတယ်။
Ref: Aljazeera
Comments