ဇူလိုင် ၁၄၊ ၂၀၂၀
M-Media
-Covid-19 ကာကွယ်ဆေးကို အစောဆုံး လာမယ့်လလောက် ထုတ်ဝေဖြန့်ချီသွားမယ်လို့ ရုရှားသိပ္ပံပညာရှင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အစိုးရရဲ့ ဆေးဘက်ဆိုင်ရာအသင်း Gamalei Institute of Epidemiology and Microbiology က ကိုဗစ် ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ကာ Sechenov တက္ကသိုလ်ရဲ့ စမ်းသပ်မှုဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။
တက္ကသိုလ်ရဲ့ သုတေသနအကြီးအကဲ Smolyarchuk က ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ခဲ့ပြီး၊ အန္တရာယ်ကင်းတယ်ဆိုတာကိုလည်း တွေ့ခဲ့ရတယ်လို့ ရုရှားပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။
Gamalei အသင်းရဲ့ ဒါရိုက်တာ Alexander Gintsburg က ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ပြည်တွင်းမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေက လာမယ့်စက်တင်ဘာမှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို အဆင့် ၁၊ ၂၊ ၃ အဖြစ် သတ်မှတ်ထားပြီး ဒီ ၃ ဆင့်စလုံးမှာ အန္တရာယ်ကင်းမှု၊ ထိရောက်မှုရှိမှသာ အမြောက်အများ ထုတ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
Gamalei အဖွဲ့က ထုတ်လုပ်တဲ့ အခုကာကွယ်ဆေးဟာ အဆင့် ၁၊ ၂ စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့ပြီး ဩဂုတ်လ တတိယအဆင့် စမ်းသပ်မှု အောင်မြင်ရင် ကိုဗစ်ကာကွယ်ဆေးအဖြစ် ကမ္ဘာကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ဆေး စမ်းသပ်မှုတွေ ရှိနေပမယ့် ကမ္ဘာတစ်ဝှမ်း ဖြန့်ချီမှု မရှိသေးပါဘူး။
Ref: Times Now
Comments