ဇူလိုင် ၁၉၊ ၂၀၂၀
M-Media
-ဖေဖော်ဝါရီလက မြို့တော်ဒေလီမှာဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့က ကျူးလွန်ခံရသူတွေကို ထိထိရောက်ရောက် ကာကွယ်မပေးခဲ့ဘူးလို့ အိန္ဒိယအစိုးရက ခန့်အပ်ထားတဲ့ လူနည်းစုအခွင့်အရေးမြှင့်တင်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။
အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ဒေလီမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွကို အာဏရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ထောက်ခံတဲ့ သူတွေက တိုက်ခိုက်ရာကနေ အဓိကရုဏ်း ဖြစ်ပေါ်ခဲ့တာပါ။
ဒေလီကမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅၃ ဦး သေဆုံးခဲ့သလို ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ၁၉၈၄ ခုနှစ် ဟိန္ဒူ-ဆစ်ခ် အဓိကရုဏ်းမှာ ဆစ်ခ်လူမျိုး ၃ ထောင်ကျော် အသတ်ခံရမှုနောက်ပိုင်း ဒေလီမှာ အဆိုးဝါးဆုံး လူမျိုးစုအဓိကရုဏ်းလည်း ဖြစ်ပါတယ်။
ဒေလီလူနည်းစုရေးရာကော်မရှင် DMC ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဗလီ ၁၁ လုံး၊ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၅ ခု၊ မွတ်စလင်သူတော်စဉ် ဂူဗိမာန်တစ်ခုနဲ့ မွတ်စလင် သုဿာန်တစ်ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်သူတွေဟာ မွတ်စလင်တွေရဲ့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဝတ်ပြုရာအဆောက်အဦးတွေ၊ စီးနင်းတဲ့ယာဉ်တွေကို သီးသန့် ရွေးချယ်ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မတားဆီးဘူးလို့ DMC က ဆိုပါတယ်။
ကျူးလွန်သူတွေကို ဖမ်းဆီးရမယ့်အစား ရဲတပ်ဖွဲ့ဟာ မွတ်စလင်တွေကို ပစ်မှတ်ထား ဖမ်းဆီးတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒေလီရဲတပ်ဖွဲ့က ဒီအချက်ကို ငြင်းဆိုခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းထားကာ တိုင်ကြားမှုတွေကို ဆက်လက်လက်ခံနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာအောင် မီးထိုးပေးသူတွေထဲမှာ ဒေလီလွှတ်တော်အမတ်ဟောင်း ကာပီလ် မစ်ရှ်ရာအပါအဝင် အာဏာရပါတီ BJP က အကြီးတန်းခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်လို့လည်း DMC က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ BJP ပါတီပြောရေးဆိုခွင့်ရှိသူက ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments