ဇူလိုင် ၂၃၊ ၂၀၂၀
M-Media
-ပါလက်စတိုင်းပိုင်းနက်က အစ္စရေးရဲ့လုပ်ရပ်တွေ၊ အစ္စရေး-ပါလက်စတိုင်းအကြား ဆက်ဆံရေး တင်းမာလာတာတွေက ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကို ထိခိုက်ပျက်ဆီးစေလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။
အနောက်ဖက်ကမ်း ဟီဘရွန်မြို့က ကိုဗစ်ကုသရေးစင်တာကို အင်္ဂါနေ့မှာ ဆောက်လုပ်ရေးပါမစ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးစစ်တပ်က ဖြိုချဖျက်ဆီးခဲ့ပါတယ်။ အဲဒီတစ်နေ့တည်းမှာပဲ ဆာလ်ဖစ်မြို့မှာ အစ္စရေးက နေအိမ်တစ်ခုကို ဖြိုချခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့မှာတော့ အရှေ့ဂျေရုစလင်က ယဉ်ကျေးမှုစင်တာနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အစ္စရေးဟာ ပါက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ထပ်သိမ်းဖို့လည်း အစီအစဉ်ရှိနေပါတယ်။
အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နီကိုလေ မလာဒီနော့ဗ်က အစ္စရေးနဲ့ ပါလက်စတိုင်းမှာ ကိုဗစ်ကူးစက်မှုအခြေအနေဟာ ဆိုးရွားလာခဲ့ပြီး၊ အခုနှစ်အစောပိုင်းက ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး မမြင်ရတော့ဘဲ ပြည်သူတွေရဲ့ဘ၀ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကုလလုံခြုံရေးကောင်စီမှာ မနေ့က သတိပေးခဲ့ပါတယ်။
အနောက်ဖက်ကမ်းက ဒေသတစ်ချို့ကို ပိုင်နက်ထဲသွတ်သွင်းမယ့်အစီအစဉ်ကို စွန့်လွှတ်ဖို့လည်း မလာဒီနော့ဗ်က သတိပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု တားဆီးတုန့်ပြန်ရေး၊ အစ္စရေးရဲ့ပိတ်ဆို့မှုကို ခံထားရတဲ့ ဂါဇာကမ်းမြှောင်က ဗိုင်းရပ်စ်ကူးစက်နေသူတွေကို လွှဲပြောင်းနိုင်ရေး ကုလက ကြားဝင်ကူညီပေးဖို့ အသင့်ရှိတယ်လို့လည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်းပိုင်နက်တွေမှာ Covid-19 ကူစက်သူအရေအတွက် စုစုပေါင်း ၁၀၉၂၃ ဦး၊ သေဆုံးသူ ၆၇ ဦးရှိပြီး အစ္စရေးမှာ ကူးစက်သူ ၅၄၆၆၃ ဦး၊ သေဆုံးသူ ၄၃၀ ဦး ရှိနေပါတယ်။
Ref: Aljazeera
Comments