ဇူလိုင် ၂၅၊ ၂၀၂၀
M-Media
-တရုတ်က အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းရာမှာ ဟူစတန်မြို့ ကောင်စစ်ဝန်ရုံးက အဆိုးဆုံးဖြစ်နေတဲ့အတွက် ပိတ်ခိုင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
တက္ကဆက်ပြည်နယ် ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို လာမယ့်သောကြာနေ့ နောက်ဆုံးထား ပိတ်ပေးဖို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမိန့်ပေးခဲ့ပြီး တရုတ်ကလည်း ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမိန့်ထုတ်ထားပါတယ်။
အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသုတေသနတွေကို တရုတ်က ခိုးယူဖို့ ကြိုးစားနေပြီး ဟူစတန်ကောင်စစ်ဝန်ရုံးက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ မနေ့က အမေရိကန်အစိုးရ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်ဟာ အစိုးရက ထောက်ပံ့ပေးထားတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ အဓိကအလုပ်ဆောင်တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ တရုတ်က ကိုဗစ်ကာကွယ်ဆေး သုတေသနကို ဘယ်လောက်အနေအထားအထိ ရရှိဖို့ ပစ်မှတ်ထားခဲ့လဲဆိုတာကိုတော့ ကန်အစိုးရ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်၀န်ဘင်းက အမေရိကန်ရဲ့ ဒီပြောဆိုမှုတွေဟာ ရန်ညှိုးထား သွားပုပ်လေလွင့်စကားတွေဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
အမေရိကန်တရားရေးဌာန အကြီးတန်းအရာရှိတစ်ဦးကလည်း နိုင်ငံခြားကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားထောက်လှမ်းရေး အခြေစိုက်နေရာအဖြစ် အသုံးပြုခွင့် အမေရိကန်က ပေးထားပေမယ့် တရုတ်ကောင်စစ်ဝန်ရုံးကတော့ စည်းဖောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Reuters
Comments