ဩဂုတ် ၁၈၊ ၂၀၂၀
M-Media
-တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ CIA နဲ့ FBI အရာရှိဟောင်း တရုတ်လူမျိုးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်ပါတယ်။
အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလက်ဇန်းဒါး ယွတ်ချင်မာဆိုသဖြစ်ပြီး သောကြာနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ နိုင်ငံခြားအစိုးရထံ ကာကွယ်ရေး သတင်းအချက်အလက်တွေ ပေးမှုနဲ့ တရားစွဲဆိုခံထားရပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်တယ်လို့ တရားရေးဌာနက ပြောပါတယ်။
မာဟာ ၁၉၈၂ ခုနှစ်ကစတင်ကာ CIA မှာ ဝင်ရောက်အမှုထမ်းခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ် အစောပိုင်းမှာ တရုတ်ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်ပေးခဲ့တာပါ။ မာနဲ့ အခြား CIA အမှုထမ်းတစ်ယောက်တို့ဟာ တရုတ်ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ ဟောင်ကောင်မှာ တွေ့ဆုံခဲ့ပြီး အမေရိကန် ကာကွယ်ရေးဌာနနဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေကို ပေးခဲ့ကြတယ်လို့ ဒီကိစ္စကို စုံစမ်းခဲ့တဲ့ CIA အေးဂျင့်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
၂၀၀၄ ခုနှစ်မှာ FBI ကို ပြောင်းရွှေ့အမှုထမ်းခဲ့တဲ့ မာဟာ ၂၀၁၀ ခုနှစ်အထိ သူလျှိုအလုပ်တွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ FBI ဟာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး အသွင်ယူစုံစမ်းထောက်လှမ်းမှုလုပ်ကာ မာရဲ့ သူလျှိုလုပ်မှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရအဖွဲ့တွေဟာ တရုတ်သူလျှိုတွေရဲ့ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရပြီး ပြီးခဲ့တဲ့လတွေအတွင်း တရုတ်သူလျှို တစ်ချို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Ref: Aljazeera
Comments