ဩဂုတ် ၂၀၊ ၂၀၂၀
M-Media
-ရုရှားနိုင်ငံက အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗာလ်နီဟာ ဒီကနေ့မနက်ပိုင်းက ရုတ်တရက် နေမကောင်းရာကနေ ကိုးမားဖြစ်ခဲ့ပြီး အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပါတယ်။
အသက် ၄၄ နှစ်အရွယ် နာဗာလ်နီဟာ ဆိုက်ဘေးရီးယားကို အလုပ်ကိစ္စနဲ့အသွားမှာ ရုတ်တရက် နေထိုင်မကောင်းဖြစ်ကာ မေ့မြောသွားခဲ့တာပါ။ လေယာဉ်ကို ဆိုက်ဘေးရီးယားမှာပဲ အရေးပေါ်ဆင်းသက်ခဲ့ရပြီး နာဗာလ်နီကတော့ လက်ရှိ ဆေးရုံမှာ အသက်ရှုစက်အကူအညီနဲ့ ကုသမှု ခံယူနေရပါတယ်။
သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကီရာ ယာရ်မက်ရှ်က နာဗာလ်နီဟာ မနက်ပိုင်းက လက်ဖက်ရည်တစ်ခွက်သာ သောက်ထားပြီး ဒီလက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ခံလိုက်ရတာ ဖြစ်နိုင်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
နာဗာလ်နီကို ကုသနေတဲ့ ဆရာဝန်တွေရဲ့ ထုတ်ပြန်ပြောကြားမှုမှာတော့ ကွဲလွဲမှုတွေ ရှိပါတယ်။ အခြေအနေ တည်ငြိမ်နေပြီလို့ ပြောကြားမှုရှိသလို၊ အသက်အန္တရာယ်စိုးရိမ်နေရတယ်ဆိုတဲ့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။
သမ္မတ ဗလာဒီမီရ်ပူတင်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီး၊ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေမှာ ခြစားမှုတွေ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ နာဗာလ်နီဟာ အရင်က တိုက်ခိုက်မှုတွေ ခံခဲ့ရဖူးပါတယ်။ နိုင်ငံရေးမှုနဲ့ ထောင်ကျနေစဉ် ပြီးခဲ့တဲ့နှစ်တုန်းက ထောင်ကနေ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပြီး သူ့ရဲ့အဖွဲ့က နာဗာလ်နီဟာ အဆိပ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း သူ့ရဲ့ရုံးအပြင်ဘက်မှာ ဓာတုအရည်တစ်မျိုးနဲ့ ပက်ခံရလို့ လောင်ကျွမ်းဒဏ်ရာတွေ ရခဲ့ပါတယ်။ နာဗာလ်နီ တည်ထောင်ထားတဲ့ ခြစားမှုတိုက်ဖျက်ရေး ဖောင်ဒေးရှင်းကို ရုရှားရဲတပ်ဖွဲ့နဲ့ စုံထောက်အဖွဲ့က အကြိမ်ကြိမ် စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Ref: Aljazeera
Comments