ဩဂုတ် ၂၂၊ ၂၀၂၀
M- Media
-အစ္စတန်ဘူလ်မြို့က သမိုင်းဝင်ပြတိုက်တစ်ခုကို ဗလီအဖြစ် ပြန်ပြောင်းဖို့ တူရကီ သမ္မတ အာဒိုဂန်က အခုရက်ပိုင်းမှာ အမိန့်ပေးလိုက်ပြီး နှစ်လအတွင် ပြတိုက်နှစ်ခုကို ဗလီအဖြစ် ပြောင်းလဲလိုက်တာပါ။
အခု ဗလီပြောင်းလိုက်တဲ့ ပြတိုက်ဟာ အစ္စတန်ဘူလ်မြို့ရဲ့ ဥရောပဘက်ခြမ်းက Kariye ပြတိုက်ဖြစ်ပါတယ်။ ရောမတွေအုပ်စိုးချိန် ဘိုင်ဇန်တိုင်းအင်ပါယာလက်ထက် ၁၄ ရာစုမှာ အော်သိုဒေါ့စ်ဘုရားကျောင်းအဖြစ် ဆောက်လုပ်ခဲ့တဲ့ အဲဒီအဆောက်အဦးကို ၁၄၅၃ ခုနှစ် အော်တိုမန်တွေက ကွန်စတီနိုပယ်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ဗလီအဖြစ် ပြောင်းခဲ့တာပါ။
ဒုတိယကမ္ဘာစစ်အပြီး ဘာသာရေးမစွက်တဲ့ တူရကီနိုင်ငံကို တည်ထောင်ရာမှာ ဒီဗလီကို ပြတိုက်အဖြစ် ပြောင်းခဲ့ပါတယ်။
အာဒိုဂန်အစိုးရဟာ ပြီးခဲ့တဲ့လကလည်း အစ္စတန်ဘူလ်မြို့က Hagia Sophia ပြတိုက်ကို ဗလီအဖြစ်ပြောင်းလဲခဲ့ပါတယ်။ Hagia Sophia ဟာလည်း ဘိုင်ဇန်တိုင်းလက်ထက်က ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး အော်တိုမန်အောင်နိုင်ပြီးတဲ့နောက် ဗလီ၊ နောက်ပိုင်း ဘာသာရေးမစွက်တဲ့ တူရကီနိုင်ငံမှာ ပြတိုက်အဖြစ် အသွင်ပြောင်းခြင်း ခံခဲ့ရပါတယ်။
အလယ်ခေတ် ကမ္ဘာတစ်ဝှမ်းက ပဒေသရာဇ်ဘုရင်တွေ အားပြိုင်စစ်တိုက်ကြတဲ့အချိန်မှာ စစ်ရှုံးတဲ့တိုင်းပြည်တွေက ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတာ၊ သိမ်းပိုက်တာ၊ စစ်ရှုံးဒေသတွေက ဝတ်ပြုရာနေရာတွေကို မိမိတို့စိတ်ကြိုက် နေရာတွေအဖြစ် ပြောင်းလဲတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အလယ်ခေတ် မွတ်စလင်အင်ပါယာတွေကို ခရစ်ယာန်ပဒေသရာဇ်တွေက သိမ်းပိုက်ချိန် ဗလီတွေကို ခရစ်ယာန်ဘုရားကျောင်းတွေ၊ အရက်ဆိုင်တွေ၊ ပြည့်တန်ဆာရုံတွေအဖြစ် ပြောင်းလဲတာမျိုးရှိခဲ့သလို၊ မွတ်စလင်ဘုရင်တွေက ခရစ်ယာန်အင်ပါယာတွေကို ပြန်လည်သိမ်းပိုက်နိုင်တဲ့အချိန်မှာလည်း ခရစ်ယာန်ဘုရားကျောင်းတွေကို ဗလီအဖြစ် ပြောင်းတာတွေ ရှိခဲ့ပါတယ်။
တူရကီအစိုးရရဲ့ ဒီလုပ်ရပ်ဟာ အလယ်ခေတ် သက်ဦးဆံပိုင်ဘုရင်တွေရဲ့ အာဏာရှင်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ်မျိုးကို ပြန်လည်ထင်ဟပ်စေတယ်လို့ ကမ္ဘာ့အသိုင်းအဝိုင်းက ဝေဖန်ခဲ့ကြပါတယ်။
သမ္မတ အာဒိုဂန်က အလယ်ခေတ် ခရစ်ယာန်အင်ပါယာတွေ မွတ်စလင်နယ်မြေတွေကို သိမ်းတဲ့အခါ ဗလီတွေ၊ အခြားဘာသာရေးအဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာ၊ အရက်ဘား၊ ပြည့်တန်ဆာရုံတို့လို ညစ်ညမ်းရာနေရာတွေအဖြစ်ပြောင်းတာတွေရှိခဲ့ပြီး မိမိတို့က မူလအတိုင်း မပျက်မယွင်းဘဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့ Hagia Sophia ပြတိုက်ကို ဗလီပြောင်းတဲ့ ပြီးခဲ့တဲ့လမှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments