ဩဂုတ် ၃၀၊ ၂၀၂၀
M-Media
-မြန်မာနိုင်ငံက ၅ သန်းသော လူငယ်တွေထဲကတစ်ယောက်ဖြစ်တဲ့ မေသန္တာမောင်ဟာ လာမယ့် နို၀င်ဘာ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးနိုင်ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်။
ဒါပေမယ့် မွတ်စလင်တစ်ယောက် ဖြစ်နေတဲ့အတွက် သူမရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်မရဘူးလို့ ဆိုပါတယ်။
“ကျွန်မရဲ့ ယုံကြည်ကိုးကွယ်မှုကြောင့် နိုင်ငံသားစီစစ်ရေးကဒ် မရနိုင်ပါဘူး” လို့ သူမက APF သတင်းဌာနကို ပြောပါတယ်။
သူမဟာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ကဖြစ်ပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ် မရတဲ့အတွက် မဲပေးလို့ မရတော့ပါဘူး။
တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံသားစီစစ်ရေးကဒ် လျှောက်ထားမှုမှာ အာဏာပိုင်တွေရဲ့ ညစ်တာ၊ ရစ်တာတွေကိုလည်း သူမက ထည့်ပြောပါတယ်။ သူ့အရွယ် ဗုဒ္ဓဘာသာ၀င်လူငယ်တွေကမှာတော့ ဒီလို ကြန့်ကြာမှုတွေ မရှိပါဘူး။ သူမနေထိုင်ရာ မိတ္ထီလာမြို့မှာ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းဒဏ်ရာတွေက မကျက်သေးပါဘူး။
နို၀င်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကနေ လုံးလုံးရုန်းထွက်ပြီးတဲ့နောက် ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီသာ ပြန်နိုင်လိမ့်မယ်လို့ တော်တော်များများက မျှော်လင့်ထားကြပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရော မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေပါ မဲပေးခွင့် လုံး၀ မရပါဘူး။
မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် အခြားလူမျိုးစုတွေ ရှိနေပြီး တိုင်းပြည်လူဦးရေရဲ့ ၄ ရာခိုင်နှုန်းရှိတဲ့ ဒီအသိုက်အဝန်းဟာ သီအိုရီအရ နိုင်ငံသားအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။
နိုင်ငံသား စီစစ်ရေးကဒ် လုပ်ရာမှာ စနစ်တကျ ခြစားမှုတွေ ရှိနေပြီး ငွေကျပ်သိန်းချီ လက်သိပ်ထိုး ပေးရတယ်လို့ မွတ်စလင်တွေက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လူဦးရေရဲ့ ၄ ပုံ ၃ ပုံ ဆင်းရဲတွင်းထဲ နေထိုင်နေရတဲ့ မြန်မာနိုင်ငံမှာ သိန်းနဲ့ချီတဲ့ငွေကြေးဟာ မတန်တဆ ပမာဏမျိုး ဖြစ်ပါတယ်။
မိသားစု၀င် ၃ ဦး နိုင်ငံသား စီစစ်ရေးကဒ် လုပ်ဆောင်ရာမှာ တစ်ယောက်ကို ၄ သိန်းလောက်စီ ပေးရတယ်လို့ အသက် ၅၃ နှစ်အရွယ် မောင်ချိုက ပြောပါတယ်။ ဒါဟာ လက်ဖက်ရေဖိုးအဖြစ် ဗုဒ္ဓဘာသာ၀င်တွေပေးရတဲ့ ပမာဏထက် အဆပေါင်းများစွာ ပိုများနေတာပါ။
သွေးနှော
ရန်ကုန်အခြေစိုက် လေ့လာစောင့်ကြည့်သူ ဒေးဗစ် မက်သီဆန်က မောင်ချိုလို အခြေအနေမျိုးကို မြန်မာနိုင်ငံတစ်၀ှမ်းက မွတ်စလင်တွေအားလုံး ခံစားနေရတယ်လို့ ဆိုပါတယ်။
“ကျောင်းတွေမှာ၊ အလုပ်မှာ၊ အစိုးရအလုပ် လျှောက်ထားရာမှာ ခွဲခြားဆက်ဆံမှုပုံစံနဲ့ မွတ်စလင်မုန်းတီးရေးသဘောထားက အမြဲတမ်း ရှိနေတာပါ”
ကိုင်ဆောင်သူရဲ့ လူမျိုးကို ဖော်ပြတဲ့ ဒီကဒ်တွေ ရရှိထားပေမယ့်လည်း စိန်ခေါ်မှုတွေက ရှိဆဲပါ။
လူမျိုးနေရာမှာ များသောအားဖြင့် တောင်အာရှက နိုင်ငံအမည်တွေကို မလိမ့်တစ်ပတ် ထည့်ပေးတာမျိုးတွေ ပိုမိုများပြားလာတယ်လို့ မွတ်စလင်တော်တော်များများက ပြောပါတယ်။
မောင်ချိုတို့ မိသားစုဟာ မြန်မာနိုင်ငံမှာ မျိုးဆက်များစွာ နေထိုင်လာခဲ့ပေမယ့် နိုင်ငံသားစီစစ်ရေးကဒ် သွားလဲရာ လူမျိုးနေရာမှာ “အိန္ဒိယ-မွတ်စလင်” လို့ အထည့်ခံလိုက်ရပါတယ်။
“ဒီဒဏ်ကို ကျွန်တော် ရှေ့လျှောက် ခံစားရတော့မှာပါ”
“သွေးနှော” လို့ သတ်မှတ်ခံထားရတဲ့ အခြားလူတွေလိုပဲ အခုတော့ သူဟာ မှတ်ပုံတင်စစ်တဲ့ နေရာတိုင်းမှာ လိုတာထက် ပိုမို စစ်ဆေးခံနေရပြီး လူ၀င်မှုကြီးကြပ်ရေးရုံးတွေမှာလည်း သီးခြားတန်းစီနေရပါပြီ။
လူဦးရေ ၂ သိန်းခွဲလောက်ရှိတဲ့ ဟိန္ဒူလူမျိုးတွေလည်း “သွေးနှောတံဆိပ်” ကပ်ခံရပြီး မွတ်စလင်တွေလို ခွဲခြားဆက်ဆံမှုတွေ ခံနေရပါတယ်။
ရန်ကုန်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုထွန်းမင်းက နိုင်ငံသားစီစစ်ရေးကဒ် လုပ်ရာမှာ ၁၀ နှစ် ကြာခဲ့တယ်လို့ AFP ကို ပြောပါတယ်။
ဒါတွေကို သူက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြောလာပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့ ဗီဒီယိုမှာ ဟိန္ဒူလူ့အဖွဲ့အစည်း ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကို သူက ရှင်းပြထားပါတယ်။
“ကျွန်တော် တက္ကဆီမောင်းလာတာ ၈ နှစ်ရှိပါပြီ။ ဒါပေမယ့် ညဘက်ပဲ မောင်းရပါတယ်။ မှတ်ပုံတင်မရှိတဲ့အတွက် လိုင်စင်လျှောက်မရလို့ပါ”
ဘင်္ဂါလီတံဆိပ်
ဒါပေမယ့် နှာခေါင်းရှုံ့အခံရဆုံး လူမျိုးအမည်ကတော့ ‘ဘင်္ဂါလီ’ ဖြစ်ပြီး အဖိနှိပ်ခံ ရိုဟင်ဂျာတွေကို ရှုတ်ချချိုးနှိမ်တဲ့ စကားလုံး ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က စစ်သွေးကြွတွေကို ရှင်းလင်းတယ်ဆိုတဲ့ စစ်ဆင်ရေးမှာ စစ်တပ်က ရိုဟင်ဂျာ ၇ သိန်း ခွဲလောက်ကို မောင်းထုတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခုံသမာဓိရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ ၆ သိန်းသော ရိုဟင်ဂျာတွေရဲ့ အများစုဟာလည်း နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတာ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေပြီး Amnesty International က ခွဲခြားဆက်ဆံခံရမှု အခြေအနေမှာ နေထိုင်နေရတယ်လို့ ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံတစ်၀ှမ်းက အခြားမွတ်စလင်တွေရဲ့ မှတ်ပုံတင်မှာ ဘင်္ဂါလီအဖြစ် အဓမ္မ ထည့်သွင်းသတ်မှတ်ခံရမှု အများအပြားရှိလာတယ်လို့ မက်သီဆန်က ပြောပါတယ်။
တရား၀င် ပြဌာန်းထားတဲ့ ဥပဒေကြောင့်မဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရားရဲ့ လူမျိုးရေး ခွဲခြားတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ဒီလိုဖြစ်တာဖြစ်ပြီး အစိုးရကလည်း ဒီအခြေအနေ ပပျောက်အောင် ဆောင်ရွက်မှု မရှိဘူးလို့ မက်သီဆန်က ထောက်ပြပါတယ်။
“လူမျိုရေးခွဲခြားတဲ့ ဒီစနစ်မျိုး ပယ်ဖျက်ရေးဆိုတာထက် အခြား လုပ်ငန်းတွေကို NLD က ပိုအလေးထားနေပြီး၊ NLD ထောက်ခံသူ တော်တော်များများကလည်း ဒီစနစ်မျိုးကို သဘောခွေ့ကြပါတယ်”
လာဘ်ငွေတောင်းတယ်၊ ခွဲခြားဆက်ဆံမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လူ၀င်မှုကြီးကြပ်ရေးဌာနရဲ့ အမည်မဖော်လိုသူ အရာရှိတစ်ယောက်ကတော့ ငြင်းဆိုပြီး မှတ်ပုံတင်တွေကို ဥပဒေအတိုင်း ထုတ်ပေးတာလို့ ဖြေကြားခဲ့ပါတယ်။
တိုးတက်မှု မရှိ
လက်ရှိကာလ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုဟာ စစ်အာဏာရှင်လက်ထက်ကထက် ပိုဆိုးပြီး “မိမိတို့ လူ့အဖွဲ့အစည်းဟာ ဒီအတွက် စိတ်ပျက်ရတယ်လို့” မောင်ချိုက ပြောပါတယ်။
သူသိသူ တော်တော်များများဟာ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးဖို့အထိ စဥ်စားနေကြတယ်လို့ သူက ဆိုပါတယ်။
မဲမပေးရေးလှုပ်ရှားမှုကလည်း အရှိန်ရလာပါတယ်။
NLD ပါတီရဲ့ ၁၁၄၃ ဦးသော လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မွတ်စလင် ၂ ဦး ပါ၀င်ပြီး ကျောင်းသားခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုစည်သူမောင်ဟာ အဲဒီအထဲက တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် NLD ဟာ မွတ်စလင်ကိုယ်စားလှယ်လောင်း တစ်ဦးမှ မထည့်ပါဘူး။
ကိုစည်သူမောင်က မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ စိတ်ပျက်အားငယ်မှုကို နားလည်တယ်လို့ဆိုပြီး၊ စစ်အာဏာရှင်လက်ထက်ကထက် ပိုဆိုးတယ်လို့ ပြောကြားမှုကိုတော့ သူက ငြင်းပါတယ်။
“အနာဂတ်အတွက် အကောင်းမြင်ဖို့လိုပါတယ်။ NLD အာဏာရတာ ၅ နှစ်ပဲ ရှိပါသေးတယ်”
မေသန္တာမောင်လို လူငယ်တွေကြားမှာတော့ အနာဂတ်မှာ ပိုကောင်းလာနိုင်တယ်ဆိုတဲ့ မျှော်လင့်မှုမျိုး သိပ်မရှိပါဘူး။
“ကျွန်မ ဒီနိုင်ငံမှာ မွေးပေမယ့် ခွဲခြားဆက်ဆံမှုတွေကြောင့် မဲပေးခွင့်မရှိပါဘူး”
Ref : AFP
(AFP သတင်းဌာနတွင် ဖော်ပြထားသည့် ‘I want to vote’: Myanmar’s Muslims, Hindus sidelined in election ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသသည်)
Comments