စက်တင်ဘာ ၆၊ ၂၀၂၀
M-Media
-စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ် တစ်ကျော့ပြန်လာတာထက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအနေအထားက တရုတ်အကျိုးစီးပွားကို ပိုပြီး အမြတ်ထွက်စေပါလိမ့်မယ်။
ရွေးကောက်ပွဲကာလကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး၊ ကိုဗစ်အရေး၊ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးတွေဟာ လာမယ့် ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ လွမ်းမိုးဖို့ ရှိနေပါတယ်။
ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲအပြီး နိုင်ငံခြားရေးမူဝါဒ ဘယ်လားရာကို သွားမလဲဆိုတာအပေါ်မှာ အဓိကထား သုံးသပ်ပြောဆိုနေကြပါတယ်။ တရုတ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ခိုင်ခိုင်မာမာ ရှိသွားမလား၊ ဒါမဟုတ် အမှီအခိုကင်းတဲ့ အခြေအနေကို ပိုသွားမလား ဆိုတာမျိုးပါ။
တရုတ်ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်အုပ်စုကို ပ,စားပေးပြီး တစ်ချိန်က ဒီမိုကရေစီပြယုဂ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံသယမျက်လုံးနဲ့ကြည့်တဲ့ အနေအထားမျိုးဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ။
ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီကို ပိုအနိုင်ရစေချင်ပြီး လွှမ်းမိုးထိန်းချုပ်ရခက်တဲ့ ဗိုလ်ချုပ်တွေအပေါ် ယုံကြည်မှုမရှိဘူးဆိုတာမျိုး မကြာသေးခင်က ဆွေးနွေးမှုတွေမှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေက ပွင့်ပွင့်လင်းလင် ထုတ်ပြောတာမျိုးလည်း ရှိလာပါတယ်။
စစ်တပ်နဲ့ နှစ်ကိုယ့်တစ်စိတ်ဖြစ်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီ (USDP) ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပါမှာ ဒီထက်ပိုပြီး ခရီးရောက်မလားဆိုတာကလည်း မသေချာသေးပါဘူး။
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေး၊ တရုတ်အပေါ် မှီခိုမှုလျော့ချရေးဟာ သူတို့ရဲ့တာဝန်လို့ မြန်မာစစ်တပ်က ခံယူထားတဲ့အချိန်မှာ၊ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကြောင့် အနောက်တိုင်းက မဟာမိတ်တွေ၊ ထောက်ခံသူတွေရဲ့မျက်နှာလွှဲခြင်းကို ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးနဲ့ တစ်ခြားအကူအညီတွေအတွက် တရုတ်ဖက်ကို လှည့်လာပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အသတ်ခံခဲ့ရပြီး သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့အခြေအနေဟာ ဒီကနေ့အချိန်အထိ ဆက်ဖြစ်နေတုန်းပါ။
တစ်ချိန်က လူ့အခွင့်အရေးချန်ပီယံအဖြစ် ရှုမြင်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလနဲ့ အခြားအဖွဲ့တွေက “လူမျိုးတုန်းသတ်ဖြတ်မှု” ဖြစ်ဖွယ်ရာရှိတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ သတ်ဖြတ်မှုကို ရှုတ်ချပြစ်တင်မှု မရှိခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ အနောက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချစ်တော်ဘ၀ကနေ၊ ဝေဖန်ခံဘ၀ကို တမဟုတ်ချင်း ရောက်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ခိုင်ခိုင်မာမာမရှိတဲ့ နိုင်ငံခြားဆက်ဆံရေးမှာ တတိယအင်အားစုတစ်ခုက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်ဟာ ဒေသတွင်း ပထဝီနိုင်ငံရေးအပြောင်းအလဲအန္တရာယ်ကို သတိပြုမိတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ မပါခဲ့ပါဘူး။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီဟာ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပါပူအာ နယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ကို လာရောက်လည်ပတ်ခဲ့ပြီး ဒီနိုင်ငံတွေမှာ ဂျပန်ရဲ့တည်ရှိမှုကို ပိုမိုအားကောင်းစေဖို့ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ ဒီလည်ပတ်မှုဟာ ဒေသတွင်း အဓိကကျလာတဲ့ တရုတ်ကို တန်ပြန်ရေးဆိုတဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပိုမို ပေါ်လွင်စေပါတယ်။
မြန်မာနိုင်ငံမှာ မိုတီဂီဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ Covid-19 ပြန့်နှံ့မှု ထိန်းချုပ်ရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ်လို့ မိုတီဂီက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရာမှာ ကတိပြုခဲ့ပြီး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသားတွေ ခရီးသွားလာရေး ပိုကောင်းအောင် စီစဉ်ပေးဖို့လည်း နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုမှာတော့ မိုတီဂီက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်ကတော့ ထူးဆန်းနေပါတယ်။ မိုတီဂီနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ဟာ တောင်တရုတ်ပင်လယ်အရေး အပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်းသာ ဖော်ပြခဲ့ပါတယ်။
မိုတီဂီရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့ကတိဟာ မြန်မာနိုင်ငံအပေါ်မှာရှိတဲ့နေတဲ့ တရုတ်ရဲ့ ခိုင်မာတဲ့ လွှမ်းမိုးမှုကို လှုပ်ခတ်ဖို့ လုံလောက်မှုရှိလားဆိုတာ ဆက်ကြည့်ရမှာပါ။ အမြန်ရထားလိုင်း၊ အဝေးပြေးကားလမ်းတွေဆောက်လုပ်ရေး၊ မြစ်တွေက ရေလမ်းကြောင်းတွေကို အဆင့်မြှင့်တင်ရေးတွေ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းကို ဒါကို ထင်ထင်ရှားရှား မြင်ရမှာပါ။
ဒီစီမံကိန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကမ္ဘာ့အခြေခံအဆောက်အဦး စီမံကိန်း Belt and Road Initiative (BRI) နဲ့ အဓိကကျတဲ့ ချိတ်ဆက်မှုတစ်ခု ဖြစ်ပါတယ်။
စစ်အေးခေတ်သစ်မှာ အမေရိကန်နဲ့ တင်းမာမှု မြင့်တက်လာတဲ့အချိန် BRI ဟာ အိမ်နီးချင်း အရှေ့တောင်အာရှဒေသမှာ ပိုပြီး အရေးပါလာမှာပါ။
အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရှိတဲ့ မြန်မာနိုင်ငံဟာ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပတိုနဲ့ တရုတ်ရဲ့ ကုန်သွယ်မှုမှာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ဟာ ဒီကုန်သွယ်မှုအတွက် တင်းမာမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်၊ လမ်းကြောင်းရှုပ်တဲ့ မလကာရေလက်ကြားတို့လို မလုံခြုံတဲ့ လမ်းကြောင်းကို သုံးနေရတာပါ။
ဇန်နဝါရီလက သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ
ဒေါ်အောင်ဆန်းစုကြည်၊ အခြားအရပ်ဖက်တာဝန်ရှိသူ အများစုနဲ့ တွေ့ဆုံရာမှာ အခြေခံအဆောက်အဦး စီမံကိန်း ၁၃ ခုအပါအဝင် အနည်းဆုံး နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီသဘောတူညီချက်တွေထဲမှာ ကျောက်ဖြူမြို့နယ်အနီး ဒေါ်လာ ဘီလီယံချီတန်တဲ့ အထူးစီးပွားရေးဇုန်နဲ့ စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။ လက်ရှိ ကျောက်ဖြူမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပါတယ်။
အခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လက မော်စကိုခရီးစဉ်အတွင်း ရုရှားသတင်းဌာနနဲ့ အင်တာဗျူးမှာ ‘အင်အားကြီးတိုင်းပြည်တွေရဲ့ ထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့တွေ တည်ရှိနေတယ်’ လို့ ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ အဖွဲ့အစည်းအမည်၊ အင်အားကြီးနိုင်ငံတွေကို ထုတ်မပြောခဲ့ပေမယ့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်က တရုတ်ထုတ်လုပ်နက်တွေ အသုံးပြုနေတဲ့ အာရကန်အာမီ (AA) ကို ညွှန်းဆိုတယ်ဆိုတာ ထင်ရှားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ အသစ်ချက်ချွပ် လောင်ချာတွေ၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်တွေအပါအဝင် တရုတ်လက်နက် အမြောက်အများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုထံကနေ သိမ်းဆည်းရမိခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ‘မုန့်တစ်ဖက် တုတ်တစ်ဖက်ပေါ်လစီ’ က တစ်ဖက်မှာ ချေးငွေ၊ ထောက်ပံ့ငွေ၊ ၊ ကိုဗစ်တိုက်ဖျက်ရေး အထောက်အပံ့တွေပေးပြီး တစ်ဖက်မှာတော့ သူတို့ရဲ့ တရားမဝင် လက်နက်စျေးကွက်ကြီးမှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ကို ဝင်ရောက်လှုပ်ရှားခွင့် ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒီလက်စျေးကွက်ဟာ Black Market ဆိုတာထက် Grey Market ဖြစ်ပါတယ်။
Covid-19 ပြဿနာရှိနေပြီး၊ အစိုးရ၊ စစ်ဖက်တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှု အမြောက်အများ လုပ်ခဲ့ပေမယ့် နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်က ဆက်ဖြစ်နေပြီး ဒီကိစ္စမှာ တရုတ်ရဲ့လွှမ်းမိုးမှု အကြီးအကျယ် ပါဝင်နေတယ်ဆိုတာ ထင်ထင်ရှားရှားကို တွေ့ရပါတယ်။
အရင်သမ္မတ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ၂၀၁၁ ခုနှစ်မတ်လ အာဏာရပြီးမကြာခင်မှာ စတင်ခဲ့ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်အထိ ဆက်လက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့က လိုလိုလားလား အားပေးထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာတော့ လက်နက်ကိုင်အဖွဲ့ လက်တစ်ဆုပ်သာ ပါဝင်ပြီး အဲဒီအထဲကတစ်ချို့ဟာ လက်နက်မရှိ၊ ထိန်းချုပ်နယ်မြေမရှိတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း နောက်ထပ်ဆွေးနွေးမှုထပ်လုပ်ဖို့ သဘောတူညီချက်ရတာလောက်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်လောက်ရှိမယ့် အဖွဲ့တွေဟာ NCA မှာ လက်မှတ်မထိုးထားဘဲ နောက်ပိုင်းလည်း ထိုးဖို့မရှိဘူးဆိုတဲ့ အခြေအနေတစ်ရပ်လည်း ရှိနေပါတယ်။ အဖွဲ့ ၇ ခုပါဝင်တဲ့ အဲဒီအုပ်စုဟာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ဆိုတဲ့ ခေါင်းစဉ်နဲ့စုစည်းထားကြပြီး အဖွဲ့အားလုံးဟာ တရုတ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။
အဲဒီအဖွဲ့တွေထဲက အင်အားအတောင့်တင်းဆုံးက ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်ပါတယ်။ ချေမှုန်းရေးရိုင်ဖယ်၊ စက်သေနက်၊ မော်တာသေနတ်၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်၊ အပေါ့စားနဲ့ အခြားစစ်သုံးယာဉ်တွေ တပ်ဆင်ထားပြီး အကုန်လုံးက တရုတ်လုပ်တွေ ဖြစ်ပါတယ်။
အဓိကမဟာမိတ်ဖြစ်တဲ့ AA ဟာ FPNCC က အခြားအဖွဲ့ဝင်တွေကနေတစ်ဆင့် UWSA ထံကနေ လက်နက်တွေ ရရှိပါတယ်။ နိုင်ငံမြောက်ပိုင်းက အင်အားကောင်းတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတစ်ချို့ကို ထိန်းချုပ်ထားတဲ့ ပလောင်အဖွဲ့ တအန်းလွတ်မြောက်ရေးတပ် (TNLA) တို့ကလည်း ဒီလိုနည်းလမ်းတွေနဲ့ လက်နက်တွေ ရနေပါတယ်။
အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကာ ဆယ်စုနှစ်ချီကြာနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှုတွေကို ပိုမိုထောက်ပံ့ကူညီဖို့ ကတိပြုကောင်းပြုနိုင်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က FPNCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုအတွင်း တရုတ်တာဝန်ရှိသူတွေက အနောက်နိုင်ငံတွေ ဒါမှမဟုတ် ဂျပန်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးသူတွေ၊ အခြားတာဝန်ရှိသူတွေနဲ့ ဘယ်လိုသဘောတူညီမှုမျိုးမှမယူဖို့ ပြောခဲ့ပါတယ်။
ဒါ့ကြောင့် တရုတ်ဟာ သူ့ရဲ့ တုတ်ကြီးကြီးကို စွန်လွှတ်မယ့် ရည်ချက်မျိုး မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကလည်း အခြားနိုင်ငံတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုမှ တိုးလို့မရဘူးဆိုတာကို ပြသနေပါတယ်။
အနောက်နိုင်ငံတွေ ရိုဟင်ဂျာကိစ္စမှာ နစ်မွန်းနေပြီး ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းကာ ပိုမိုကောင်းမွန်အောင် အစွမ်းကုန်ကြိုးပမ်းနေတဲ့အချိန် တရုတ်ကတော့ ‘ချက်ကောင်း’ ကို ကိုင်ထားနိုင်တုန်းပါ။ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ အာဏာထပ်ရပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဆက်ရှိနေစေမယ့် အခြေအနေကို တရုတ်က ဘာ့ကြောင့် ထောက်ခံအားပေးနေလဲဆိုတာ ဒီုအချက်တွေကိုကြည့်ရင် ထင်ထင်ရှားရှား သိနိုင်မှာ ဖြစ်ကြောင်းပါ။
Ref: Asia Times
(Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် Why China wants Suu Kyi to win Myanmar’s polls ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments