စက်တင်ဘာ ၉၊ ၂၀၂၀
M-Media
-စမ်းသပ်ထိုးနှံထားတဲ့ လူနာတစ်ဦးမှာ ကျန်းမာရေးမကောင်းဖြစ်လာတာကြောင့် အလားအလာကောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ ကာကွယ်ဆေးတစ်ခု စမ်းသပ်မှုကို အောက်စဖို့ဒ်တက္ကသိုလ်က ရပ်ဆိုင်းလိုက်ပါတယ်။
အဲဒီကာကွယ်ဆေးကို ယူကေက အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး ယူကေ၊ ဘရာဇီးလ်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှာ ထောင်နဲ့ချီတဲ့လူတွေကို နောက်ဆုံးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်နေတာပါ။
ဒီဆေးဟာ လက်ရှိ ကမ္ဘာတစ်ဝှမ်း စမ်းသပ်ထုတ်လုပ်သမျှထဲမှာ အလားအလာအရှိဆုံး ကိုဗစ်ကာကွယ်ဆေးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
ဒီဆေးအထိုးခံထားရတဲ့သူတွေထဲက တစ်ဦးမှာ ဆိုးရွားတဲ့ဆေးတုန့်ပြန်မှုကို တွေခဲ့ရပြီးတဲ့နောက် စမ်းသပ်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရပ်ဆိုင်းခဲ့တာပါ။ AstraZeneca ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မီဇဲလ်က ဒီလိုရပ်ဆိုင်းတာဟာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်တာဖြစ်ပြီး၊ ဆေးအန္တရာယ်ကင်းမှုအတွက် သုံးသပ်မှု လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့လက ကိုဗစ်ကာကွယ်ဆေးတစ်ခုကို တရားဝင်အတည်ပြုကာ ထိုးနှံခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီဆေးကို အသုံးပြုနိုင်ဖို့အတွက် လုံလောက်တဲ့ စမ်းသပ်မှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံကလည်း မနေ့က ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို ထုတ်ပြခဲ့ပြီး အန္တရာယ်ကင်းကာ ထိရောက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments