စက်တင်ဘာ ၂၄၊ ၂၀၂၀
M-Media
-မိမိတို့ရဲ့ ငါးလုပ်ငန်းဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားက သတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့တယ်လို့ တောင်ကိုရီးယားက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအတွက်လည်း ရှုတ်ချလိုက်ပါတယ်။
နှစ်နိုင်ငံနယ်စပ်က ရေပိုင်နက်ထဲ မြောက်ကိုရီးယားဖက်ကို ဘက်ပြောင်းဖို့ ကြိုးစားချိန်မှာ မြောက်ကိုရီးယား စစ်သားတွေက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ အစောပိုင်းမှာ သတင်းထွက်ခဲ့ပြီး ဒီသတင်းကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
“မြောက်ကိုရီးယားတွေဟာ သူတို့ရေပိုင်နက်ထဲမှာ လူတစ်ယောက်ကိုတွေ့ပြီး ရက်ရက်စက်စက် သေနတ်နဲ့ပစ်ကာ၊ အလောင်းကို မီးရှို့လိုက်တယ်လို့ ကျွန်တော်တို့စစ်တပ်ရဲ့ ထောက်လှမ်းရေးသတင်းတွေအရ သိရပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်မှုမျိုးကို ကျွန်တော်တို့စစ်တပ်က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြောက်ကိုရီးယားဖက်က ဖြေရှင်းချက်ပေးဖို့၊ တာဝန်ရှိသူတွေကို အရေးယူဖို့ တိုက်တွန်းပါတယ်” လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယား ငါးလုပ်ငန်းဌာနက တာဝန်ရှိသူဟာ တောင်-မြောက်နှစ်နိုင်ငံနယ်စပ်က ရေပိုင်နက်အနီးမှာ ကမ်းခြေစောင့်မော်တော်ဘုတ်နဲ့ ကင်းလှည့်နေစဉ် တနင်္လာနေ့က ပျောက်သွားခဲ့တာပါ။ မော်တော်ဘုတ်ထဲမှာ ဖိနပ်သာ ကျန်ရစ်တဲ့အတွက် မြောက်ကိုရီးယားဖက်ကို ဘက်ပြောင်းသွားပြီလို့ အစောပိုင်းမှာ ထင်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေက ဘာ့ကြောင့် ဒီလို သတ်ဖြတ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူ။ တောင်ကိုရီးယားရဲ့ Yonhap သတင်းဌာနကတော့ ကိုရိုနာဗိုင်းရပ်စ်တားဆီးရေး အမိန့်အရ ဒီလိုလုပ်ဆောင်ခဲ့တာ ဖြစ်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တားဆီးရေးအတွက် မြောက်ကိုရီးယားဟာ နယ်စပ်ဖြတ်ကျော်လာတဲ့သူတွေကို နေရာင်ပစ်သတ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့က အခုလအစောပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။
Ref: Aljazeera
Comments