စက်တင်ဘာ ၂၅၊ ၂၀၂၀
M-Media
-အွန်လိုင်းကနေတစ်ဆင့် ကျင်းပနေတဲ့ ၇၅ နှစ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုဗစ်ကပ်ရောဂါနဲပပတ်သက်ပြီး မနေ့က အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့အကြား ဒေါသနဲ့ အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဒီကိစ္စမှာ တရုတ်အစိုးရကို ပြစ်တင်ထားပါတယ်။ အင်္ဂါနေ့က ကုလမိန့်ခွန်းမှာလည်း ထရမ့်က ကိုဗစ်ရောဂါ ကမ္ဘာကို ပြန့်နှံ့စေမှုအတွက် တရုတ်ကိုအရေးယူဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကုလဆိုင်ရာ အမေရိကန်သံအမတ် ကီလီခရက်ဖ်ရဲ့ မနေ့က ကုလမိန့်ခွန်းမှာ ဒီစွပ်စွဲချက်ကို ထပ်မံပြောကြားခဲ့ပြီး တရုတ်သံအမတ်က ဒေါသထွက်ကာ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။
“တော်လောက်ပြီထင်တယ်။ ခင်ဗျားတို့တိုင်းပြည်က ကမ္ဘာကြီးကို ဒုက္ခပေးခဲ့တာ တော်လောက်ပါပြီ။ သူများကို အပြစ်တင်တာလောက်နဲ့ ကိုယ့်ရဲ့ပြဿနာကို ဖြေရှင်းလို့မရဘူးဆိုတာ အမေရိကန်က နားလည်သင့်ပါတယ်။ နောက်ဆုံးပေါ် ကျန်းမာရေးစနစ်နဲ့ နည်းပညာတွေရှိနေတဲ့ အမေရိကန်မှာ ဘာ့ကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုက အများဆုံးဖြစ်နေတာလဲ” လို့ တရုတ်သံအမတ် ကျန်ဂျွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။
ဒီပြဿနာအတွက် တစ်ယောက်ယောက်က တာဝန်ရှိမယ်ဆိုရင် အမေရိကန်နိုင်ငံရေးသမားတွေပဲ ဖြစ်ကြောင်း၊ အမေရိကန်ဟာ ဒီကိစ္စမှာ လုံး၀ ဖယ်ကျဉ်ခံထားရကြောင်း ကျန်ဂျွင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီပြောကြားမှုကို ကုလဆိုင်ရာ ရုရားသံအမတ်ကလည်း ထောက်ခံခဲ့ပါတယ်။
အမေရိကန်သံအမတ် ကီလီခရက်ဖ်က ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ ပြဿနာကို ဖြေရှင်းရေးထက် နိုင်ငံရေး ရန်ညှိုးထားတိုက်ခိုက်ရေးကို အာရုံစိုက်နေကြပြီး ဒါဟာ ရှက်စရာကောင်းတယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံမှုဟာ ကမ္ဘာနိုင်ငံတွေရဲ့ ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments