စက်တင်ဘာ ၂၈၊ ၂၀၂၀
M-Media
-အာရှအလယ်ပိုင်း ကော့ကေးရှပ်ဒေသက အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ အငြင်းပွားဒေသတစ်ခုအတွက် မနေ့ကစတင်ကာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒေသတွင်း နောက်ထပ်စစ်မီးတစ်ခု ဖြစ်ပေါ်လာမယ့်အန္တရာယ်ကို ကမ္ဘာ့အသိုင်းအဝိုင်းက စိုးရိမ်လာကြပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက အဇာဘိုင်ဂျန် ပိုင်နက်လို့ အတည်ပြုသတ်မှတ်ထားပြီး အာမေးနီးယားလူမျိုးစု အများစု နေထိုင်တဲ့ နာဂိုနို-ကရာဘက်ခ်ဒေသနဲ့ပတ်သက်လို့ ၁၉၉၀ ပြည့်နှစ်တွေကတည်းက အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီဒေသက တစ်ချို့အစိတ်အပိုင်းတွေကို ခွဲထွက်ရေးလိုလားတဲ့ အာမေးနီးယားလူမျိုးစုတွေက အာမေးနီးယားအထောက်အပံ့နဲ့ ကိုယ်တိုင် အုပ်ချုပ်တာဖြစ်ပြီး ဒေသတစ်ခုလုံး အဇာဘိုင်ဂျန်ကနေခွဲထွက်ကာ အာမေးနီးယားနဲ့ပေါင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
နာဂိုနို-ကရာဘက်ခ်ဒေသမှာ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နှစ်ဖက် စစ်သားနဲ့ အရပ်သား အနည်းဆုံး ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အာမေးနီးယားအစိုးရက အဇာဘိုင်ဂျန်ရဲ့ ရဟတ်ယာဉ် ၂ စီး၊ ဒရုန်း ၃ စီးနဲ့ တင်ကား ၃ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး အဇာဘိုင်ဂျန်က အာမေးနီးယားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အာမေးနီးယားအစိုးရက နိုင်ငံတစ်ဝှမ်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပြီး စစ်ရေးပြင်ဆင်မှုတွေကို ပြုလုပ်နေပါတယ်။ အဇာဘိုင်ဂျန်သမ္မတ အီလယက်ဗ်ကလည်း တန်ပြန်စစ်ဆင်ရေး ဆောင်ရွက်ဖို့ စစ်တပ်ကို အမိန့်ပေးထားပါတယ်။
နာဂိုနို-ကရာဘက်ခ်ဒေသရဲ့ အာမေးနီးယားအုပ်ချုပ်ရေးအဖွဲ့ရဲ့ သမ္မတ အာယာယစ် အာရွတ် ယွန်ယန်က သူတို့ထိန်းချုပ်ထားတဲ့ ဒေသတစ်ချို့ကို ဆုံးရှုံးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
တူရကီသမ္မတ အာဒိုဂန်က အဇာဘိုင်ဂျန်ကို ထောက်ခံသွားမယ်လို့ ပြောကြားခဲ့ပြီး ကျူးကျော်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကိုခံရတဲ့ တိုင်းပြည်ဖက်က ရပ်တည်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
အာမေးနီးယားရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားက အပစ်အခတ် ချက်ခြင်းရပ်စဲပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref: BBC
Comments