အောက်တိုဘာ ၁၂၊ ၂၀၂၀
M-Media
-Covid-19 ဗိုင်းရပ်စ်ဟာ ပိုက်ဆံနဲ့ ဖုန်းတို့လို မျက်နှာပြင်ပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်လို့ ဩစတေးလျ သုတေသနအဖွဲ့က ပြောကြားလိုက်ပြီး ဒါဟာ အရင်ကသိထားတဲ့ ရှင်သန်နိုင်ချိန်ထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုတာ၊ နှာချေတာ၊ စကားပြောဆိုတာတွေက ထွက်လာတဲ့ အရည်စက်၊ အမှုန်စက်လေးတွေကို ထိတွေ့ရာကနေ ကူးစက်နိုင်ပြီး၊ လေထဲကနေတစ်ဆင့်ပါ ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ချို့လည်း ရှိပါတယ်။
အရင်ကလေ့လာမှုအရ ကိုဗစ်ပိုးဟာ မှန်၊ ငွေစက္ကူ၊ ပလက်စတစ်နဲ့ စတီးမျက်နှာပြင်ပေါ်မှာ ၂ ရက်နေ ၃ ရက်အထိသာ ရှင်သန်နိုင်တယ်လို့ သိထားတာပါ။
ဩစတေးလျသုတေသနအေဂျင်စီ CSRIO က အခန်းအပူချိန်နဲ့ အမှောင်ထဲမှာ ထပ်မံလေ့လာခဲ့ရာမှာ ကိုဗစ်ပိုးဟာ ပြောင်ချောတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သာမန်တုပ်ကွေးပိုးကတော့ ၁၇ ရက်အထိသာ အသက်ရှင်နိုင်ပါတယ်။
ပူပြင်းတဲ့အခြေအနေအောက်မှာ ပိုးမြန်မြန်သေတတ်ပြီး ပိတ်စလို မျက်နှာပြင်မျိုးမှာတော့ ၁၄ ရက်ထပ်ကျော်ရင် ကူးစက်နိုင်ခြေ မရှိဘူးဆိုလို့လည်း သုတေသနပညာရှင်တွေက ဆိုပါတယ်။
CSRIO ရဲ့ အခုထုတ်ပြန်ချက်ကို ဆေးပညာရှင်တစ်ချို့က ဝေဖန်နေကြပါတယ်။
အင်္ဂလန်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်က ပရော်ဖက်ဆာ ရွန်အက္ကလက်စ်က ဒီထုတ်ပြန်ချက်ဟာ လူထုကြားထဲမှာ ထိတ်လန့်မှုကိုသာ ဖြစ်ပေါ်စေပြီး၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်စက်တွေမှာ ပါလာတဲ့ ဗိုင်းရပ်စ်ဟာ ပြင်ပမှာ နာရီပိုင်းလောက်သာ ရှင်သန်နိုင်တယ်လို့ မိမိယူဆကြောင်း ပြောကြားခဲ့ပါတယ်။
စတီးမျက်နှာပြင်ပေါ်မှာ ကိုဗစ်ဗိုင်းရပ်စ် အချိန်တော်တော်ကြာ ရှင်သန်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ဟာ အသားထုတ်စက်ရုံတွေက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ကိုဗစ်ကူးစက်မှု အကြောင်းအရင်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ CSRIO ရဲ့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
Ref: BBC
Comments