အောက်တိုဘာ ၂၁၊ ၂၀၂၀
M-Media
-ရေကြောင်းထောက်လှမ်းရေးလေယာဉ် P-8 Poseidon တွေ ဆင်းသက်ခွင့်နဲ့ ဆီဖြည့်ခွင့်ပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို မိမိတို့က ပယ်ချခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရ အကြီးတန်းတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
အမေရိကန်တာဝန်ရှိသူတွေဟာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး နောက်ဆုံး သမ္မတ ဂျိုကိုဝီဒိုဒိုက ပယ်ချခဲ့တာပါ။ ဒီကိစ္စအတွက် အင်ဒိုသမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးဖို့ ငြင်းဆိုတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။
တောင်တရုတ်ပင်လယ်မှာ မိမိတို့နဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေတဲ့အချိန် အမေရိကန်ရဲ့ ဒီ အံ့အားသင့်ဖွယ်ကမ်းလှမ်းမှု ပေါ်ပေါက်လာတာဖြစ်တယ်လို့ အင်ဒိုအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားဟာ ကြားနေ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတဲ့အတွက် နိုင်ငံခြားတပ်ဖွဲ့တွေကို နိုင်ငံအတွင်း အခြေချခွင့် မပေးပါဘူး။
အမေရိကန်ရဲ့ P-8 ထောက်လှမ်းရေးလေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တောင်တရုတ်ပင်လယ်က ပိုင်နက်ကိစ္စအတွက် တရုတ်ဟာ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းတို့နဲ့လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။
သူတို့ပိုင်ဆိုင်တယ်လို့ ယူဆထားတဲ့ ရေပိုင်နက်ထဲကို ဝင်လာတဲ့ တရုတ်သင်္ဘောတွေကို အင်ဒိုနီးရှားက ပုံမှန်မောင်းထုတ်လေ့ရှိပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း မြင့်တက်လာနေပြီး အင်အားကြီးနိုင်ငံနှစ်ခုအကြား အားပြိုင်မှုမှာ တစ်ဖက်ဖက်က ရပ်တည်တာမျိုး မလုပ်ချင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရတ္တနို မာဆူဒီက စက်တင်ဘာလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ လက်ရှိမှာ P-8 ထောက်လှမ်းရေးလေယာဉ်တွေကို စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ မလေးရှားက စစ်စခန်းတွေမှာ အခြေစိုက်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments