အောက်တိုဘာ ၂၁၊ ၂၀၂၀
M-Media
-ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးနဲ့ ကလေးတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီးနှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့က အီဖယ်မျှော်စင်နားမှာ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၉ ဦးပါဝင်တဲ့ အဖွဲ့တစ်ခု လမ်းလျှောက်နေစဉ် လူဖြူအမျိုးသမီးနှစ်ဦး ချဉ်းကပ်လာပြီး ဆွဲလာတဲ့ခွေးကို ကြိုးဖြေကာ ကိုက်ခိုင်းခဲ့တာပါ။
မွတ်စလင်အမျိုးသမီးတွေက ခွေးကိုကြိုးချည်ဖို့ ပြန်ပြောစဉ်မှာ ဒီလူဖြူအမျိုးသမီး ၂ ဦးဟာ ဓားတွေထုတ်ပြီး တိုက်ခိုက်ခဲ့ကာ ‘အကျင့်မကောင်းတဲ့အာရပ်တွေ’ ‘နင်တို့နိုင်ငံ နင်တို့ပြန်ကြ’ ဆိုပြီးလည်း ဟစ်အော်ခဲ့ပါတယ်။ တိုက်ခိုက်ခံရသူတွေဟာ အလ်ဂျီးရီးယားလူမျိုး ပြင်သစ်နိုင်ငံသားတွေ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း မွတ်စလင်အမျိုးသမီးနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး၊ တစ်ဦးဆိုရင် ဓားနဲ့ အနည်းဆုံး ၆ ချက်လောက် အထိုးခံရတာကြောင့် အဆုတ်ပေါက်ပြဲဒဏ်ရာ ကို ရရှိခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအမျိုးသမီးနှစ်ဦးက တစ်ယောက်ကို ပတ်ဝန်းကျင်က ဝိုင်းဖမ်းပေးခဲ့ပြီး နောက်တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကာ လူသတ်ရန််ကြိုးပမ်းအားထုတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ တိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ညဖက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် အင်္ဂါနေ့အထိ ပြင်သစ်ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ပါဘူး။
တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကျောင်းဆရာတစ်ဦးကို ရုရှားနွယ်ဖွား အသက် ၁၈ နှစ်အရွယ် မွတ်စလင်လူငယ်တစ်ဦးက အကြမ်းဖက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး တစ်ပတ်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
Ref: RT
Comments