နိုဝင်ဘာ ၇၊ ၂၀၂၀
M-Media
-ပါလက်စတိုင်းတွေရဲ့နေအိမ်တွေကို အစ္စရေးက ဖျက်ဆီးတာဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု မြောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီကိစ္စကို ရှုတ်ချလိုက်ပါတယ်။
အခုတစ်ပတ်အစောပိုင်းမှာ ပါလက်စတိုင်းပိုင် ဂျော်ဒန်ဂျိုင့်ဝှမ်းဒေသက ရွာတစ်ခုလုံးကို အစ္စရေးစစ်သားတွေက ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ပါလက်စတိုင်းပြည်သူ ၇၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။
အစ္စရေးစစ်သားတွေဟာ အိမ်တွေကို မဖြိုခင်မှာ ပါလက်စတိုင်းတွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းတယ်ဆိုတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။
ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Palestinian Center for Human Rights (PCHR) ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလုပ်ရပ်တွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုမြောက်တယ်လို့ ဖော်ပြထားပါတယ်။
“ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်ရေး၊ တရားမဝင်အိမ်ယာတွေ တိုးချဲ့ဆောက်လုပ်ရေး စီမံကိန်းအောက်မှာ ဒီလုပ်ရပ်တွေကို လုပ်ဆောင်နေတာပါ။ ဌာနေပါလက်စတိုင်းလူမျိုးတွေကို လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းတယ်လို့ ပြောလို့ရပါတယ်”
အစ္စရေးက ပါလက်စတိုင်းတွေအပေါ် ဆောင်ရွက်နေတဲ့ ရာဇဝတ်မှုတွေကို အလျင်အမြန်တားဆီးပေးဖို့လည်း PCHR က နိုင်ငံအတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ ကြာသာပတေးနေ့ ကြေငြာချက်မှာ ပါလက်စတိုင်းနေအိမ်တွေ ဖြိုဖျက်တာကို ရပ်တန့်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပြီး ဒါဟာ နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်ပြားစေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ နေအိမ်တွေ ဖြိုချဖျက်ဆီးတာ၊ တရားမ၀င် အခြေချအိမ်ယာတွေ တိုးချဲ့တာတွေကို တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း အစ္စရေးက နေအိမ်တွေ ဖြိုချဖျက်ဆီးမှုကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၈၀၀ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဒါဟာ ၄ နှစ်အတွင်း အမြင့်ဆုံး ပမာဏ ဖြစ်ပါတယ်။
ကုလရဲ့ ပါလက်စတိုင်းကူညီရေးအဖွဲ့ OCHA က လူသားချင်းစာနာထောက်ထားမှုနဲ့ မိမိတို့ ဆောက်ပေးထားတဲ့ အဆောက်အဦးတွေပါ ဖျက်ဆီးခံခဲ့ရပြီး၊ ကိုဗစ်ကပ်ရောဂါ၊ အေးလွန်းလှတဲ့ ဆောင်းရာသီတွေက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပါလက်စတိုင်းတွေရဲ့အခြေအနေတွေကို ပိုဆိုးစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
Ref: Press TV
Comments