နိုဝင်ဘာ ၁၀၊ ၂၀၂၀
M-Media
-နှစ်နိုင်ငံကြားမှာရှိတဲ့ Nagorno-Karabakh ဒေသအတွက် ၆ ပတ်ကြာ စစ်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ရုရှားရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် ရခဲ့ပါတယ်။
အငြင်းပွားဒေသရဲ့ ဒုတိယမြို့တော် ရှူရှာကို အာဇာဘိုင်ဂျန်က သိမ်းပိုက်ကာ အာမေးနီးယားတာဝန်ရှိသူတွေကို ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာမှာ ဒီသဘောတူညီချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
‘ပြောမပြနိုင်အောင် နာကျင်ရတဲ့ သဘောတူညီချက်’ လို့ အာမေးနီးယားဝန်ကြီးချုပ် နီကိုလ်ပါရှင်ယန်က ပြောကြားခဲ့ပြီး အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်က ပြဿနာပြေလည်ရေးအတွက် အရေးပါတဲ့ သုံးပွင့်ဆိုင် သဘောတူညီချက် ဖြစ်လာမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Nagorno-Karabakh ဒေသဟာ အဇာဘိုင်ဂျန်ပိုင်နက် ဖြစ်ပေမယ့် အာမေးနီးယားလူမျိုးအများစု နေထိုင်ကြတာပါ။ ဒေသတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်ကာ အဇာဘိုင်ဂျန်ကနေခွဲထွက်ပြီး အာမေးနီးယားနဲ့ပေါင်းစည်းဖို့ အရင်ကတည်းက ကြိုးပမ်းမှုတွေရှိကာ အာမေးနီးယားနိုင်ငံကလည်း လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ကူညီပေးခဲ့ပါတယ်။
ဝန်ကြီးချုပ် နီကိုလ်ပါရှင်ယန်က အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာ ဒေသရဲ့အဓိကမြို့ စတီပါနာကာ့တ်ကို ရောက်ဖို့ နီးကပ်လာပြီး လက်ရှိ စစ်ရေးအခြေအနေကို ချင့်ချိန်တွက်ဆကာ စစ်ရပ်ဆဲရေးက အကောင်းဆုံးအဖြစ်မယ်လို့ ယူဆတာကြောင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။
သမ္မတအလီယဗ်ကတော့ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုကြောင့် အာမေးနီးယားဖက်က အကြပ်တွေ့ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
“ဒီသဘောတူညီချက်ဟာ သမိုင်ဝင်တဲ့ ထူးခြားအောင်မြင်မှုတစ်ရပ် ဖြစ်ပါတယ်။ စစ်ပွဲရှုံးနိမ့်မှုကို အာမေးနီးယားက လက်ခံတာ၊ နှစ်များစွာကြာ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်နိုင်တာတွေကို ပြသတဲ့ သဘောတူညီချက်ဖြစ်သလို ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်”
Ref: Aljazeera
Comments